ပုဏ္ဏာကျွန်းမြို့နယ်၌ စစ်ဘေးရှောင် ၅၀၀ ကျော် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ ဇွန် ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတွင်မြို့နယ်၊ စစ်ဘေးရှောင်စခန်းများမှ ဒေသခံစစ်ဘေးရှောင် ၅၀၀ ကျော်သည် စားနပ်ရိက္ခာနှင့် အမိုးအကာများအရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူများထံမှ သိရသည်။

စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော်သည် နစကတပ်နှင့် ဒေသတွင်လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် တိမ်းရှောင်လာသူများဖြစ်ကြောင်း၊ အဆိုပါစစ်ရှောင်များတွင် က လေးငယ်များ ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ နာတာရှည်ရောဂါဝေဒနာခံစားနေရသူများ ၂၀၀ နီးပါးခန့်အထိပါကြောင်း သိရသည်။

“အခု စစ်ဘေးရှောင်တွေက စစ်ရှောင်အသစ်တွေပါ။ စစ်ဘေးရှောင်အကုန် ၅၀၀ ကျော်လာက်ရှိတာ။ စစ်ရှောင်တွေထဲမှာ ကလေးတွေတော်တော်များတယ်။ အခုသူတို့တွေ အမိုးအကာတွေ၊ အနွေးထည်တွေ၊ စားဖို့ရိက္ခာတွေ လိုအပ်နေတာ။ အခု လိုအပ်ချက်က အရမ်းများနေတယ်။ စစ်ရှောင်တွေက မလျော့တဲ့အပြင် ထပ်ထပ်တိုးလာတော့ လိုအပ်ချက်က များနေတာပေါ့။” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များထဲမှ ကလေးများနှင့် သက်ကြီးပိုင်းများသည် ရေကြီးရေလျှံမှုဒဏ်ခံစားခဲ့ရသည့်အတွက် လက်ရှိ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်း၊ အသာများနာကြင်ခြင်း၊ အစားအသောက်ပျက်ခြင်း စသည့်အခြေအနေများဖြစ်ပေါ်နေကြောင်း သိရသည်။

“အရင်က အလှူရှင်တွေ အရမ်းပေါတာ။ အခု လုံးဝမရှိသလောက်ဖြစ်နေတယ်။ အရင်လိုလွတ်လွတ်လတ်လတ် သွားလို့လာလို့မရတာတွေကြောင့်ပေါ့။ ဒီလိုဆိုလည်း ပြစ်မထားကြပါနဲ့။ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အဝတ်အထည်တွေ၊ စားဖို့သောက်ဖို့ပစ္စည်းတွေကို လှူဒါန်းပေးဖို့ပြောချင်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ကို ကူညီကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်မည့် ပြည်တွင်း၊ ပြည်ပမည်သည့်အဖွဲ့အစည်းများမဆို (နစက)ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီထံ အသိပေးတင်ပြပြီးမှ သွားရောက်နိုင်မည်ဟု သက်ဆိုင်ရာမှထုတ်ပြန်ချက်မှတ်တမ်းများအရ သိရသည်။

ခန့်ခန့်

Photo- CJ

ယနေ့ခေတ်

ပုဏ္ဏာကျွန်းမြို့နယ်၌ စစ်ဘေးရှောင် ၅၀၀ ကျော် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.