ရန်ကုန်၊ စက်တင်ဘာ ၃
မန္တလေးတိုင်း၊ ပုဂံညောင်ဦးမြို့နယ်၌ ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရှေးဟောင်းဘုရားအချို့နှင့် လူနေရပ်ကွက်များသို့ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။
ယနေ့နံနက် ၄ နာရီခန့်မှစ၍ ပုဂံဒေသ၌ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရွှေ စည်းခုံဘုရားရင်ပြင်တွင် ရေလျှံမှုဖြစ်ပွားခြင်း၊ အာနန္ဒာဘုရား၊ စူဠာမဏိဘုရားတို့အနီးသို့ ရေဝင်ရောက် မှုဖြစ်ခြင်း၊ ဝက်ကြီးအင်း၌ ရေလျှံခြင်းတို့အပါအဝင် ရှေးဟောင်းဘုရားအချို့နှင့် လူနေရပ်ကွက်များသို့ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
“ ရွှေစည်းခုံဘုရားနားက ရေတွေကိုတော့ ရေစုပ်စပ်တွေနဲ့ စုပ်ထုတ်လိုက်ရတယ်။ အခုက အာနန္ဒာဘုရားနားမှာ ရေပြန်ကျအောင်လုပ်ရမှာ။ သစ်ပင်တွေလည်း လဲကျတာတွေဖြစ် တယ်။ မိုးရွာတာက ၁၀ ရက်လောက်ရှိပြီ ကျန်တဲ့ရက်တွေက တစ်ဖြောက်နှစ်ဖြောက်ရွာတာကနေ ဒီနေ့က အသားကုန်ကိုရွာတာ” ဟု ညောင်ဦးအရံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ် ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယနေ့ ညနေပိုင်းအထိ မိုးဆက်လက်သည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိ၍ ရေဝင်ရောက်သည့်နေရာများ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း ညောင်ဦးမြို့၌ နေထိုင်သူတစ်ဦးက ပြော သည်။
ရေဝင်ရောက်မှုဖြစ်ပွားရာနေရာများသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့သားများနှင့် ဒေသခံများ ဝိုင်းဝန်းကာ ရေစုပ်စက်များဖြင့် ရေစုပ်ထုတ် ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ပြုလုပ်ပေးခြင်း၊ အပျက်အစီးရှင်းလင်းပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပုဂံရှိ ရှေးဟောင်းဘုရားအချို့ ရေဝင်ရောက်ခြင်းနှင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းအပါအဝင် ယခုမိုးရာသီအတွင်း ပုဂံဒေသရှိ ရှေးဟောင်းဘုရားအချို့အနီး ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေ၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိ ကြောင်း ပုဂံဒေသ၌ နေထိုင်သူများကပြောသည်။
မောင်ဇော်
ဓါတ်ပုံ – ဒေသခံများ
ပုဂံ၌ မိုးသည်းထန်စွာရွာ၍ ရှေးဟောင်းဘုရားအချို့အနီးသို့ ရေဝင်ရောက်မှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်