ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံရာတွင် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်‌ ပြန်လည်ကောက်ခံမည်‌

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအပေါ် ပြင်ပပေါက်ဈေးအတိုင်း အခွန်စည်းကြပ်ကောက်ခံခဲ့ရာမှ တစ်ဒေါ်လာ ၂၁၀၀ နှုန်းဖြင့်‌ ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ် ၈ /၂၀၂၅ ဖြင့် ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ဦးစီးဌာနက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကိုအခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၉ဝ/၂ဝ၂၄ ဖြင့် ထုတ်ပြန်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) ကိုအခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း၊ ယခင်ထုတ်ပြန်ထားသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၇-၁၂-၂ဝ၂၄ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ် ၉၀/၂၀၂၄ ကို ဤအမိန့်ကြော်ငြာစာဖြင့် ပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားသည်။

“ ပြင်ပပေါက်ဈေးအတိုင်း အခွန်ဆောင်ရမယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သွင်းကုန်ဆိုရင်လည်း ပြည်‌တွင်းဈေးကွက်ထဲရောက်ရင် အဆမတန်မြင့်သွားမှာ။ ဘာလို့ဆို အခွန် ဆောင်တာများတော့ အဲဒီအပေါ်ကိုတွက်ချက်ပြီး ဈေးကမြင့်မှာပဲ။” ဟု ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) သည် ၃,၅၉၀ ကျပ်ဝန်းကျင်ဖြစ်၍ ယခင်ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) အတိုင်း တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ပြန်လည်ကောက်ခံမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် အခွန်ပေးဆောင်ရာတွင် တစ်ဒေါ်လာ ၁,၄၀၀ ကျပ်ကျော်အထိ ပြန်လည်သက်သာလာမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်၏ ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) သည် ၃,၅၉၀ ဝန်းကျင်ဖြစ်ပြီး ပြင်ပငွေကြေး ဈေးကွက်တွင် တစ်ဒေါ်လာ ၄၅၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ -Myanmar Port Authority

#ယနေ့ခေတ်

ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံရာတွင် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်‌ ပြန်လည်ကောက်ခံမည်‌ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.