ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် ဗဟိုဘဏ်သို့ ရောင်းချပေးနေရခြင်းမှ ၃၅ ရာခိုင်နှုန်းသို့ လျှော့ချ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် ဗဟိုဘဏ်သို့ ရောင်းချပေးနေရခြင်းမှ ၃၅ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ကြောင်း ယမန်နေ့ ညပိုင်းတွင် နစကမှ သတင်းထုတ်ပြန်သည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယခုကဲ့သို့ လျှော့ချပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)အရ၊ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို သတ် မှတ်ညွှန်ကြားချက်များ အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ပို့ကုန်ရငွေအပေါ် ကျပ်ငွေလဲလှယ်ရန် ပမာဏကို ၅၀ ရာခိုင်နှုန်းသာ လဲလှယ်ရန် ပြင်ဆင်ခဲ့သည်။

ယခုအခါ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ ကျပ်ငွေဖြင့်လဲလှယ်ရန် ထပ်မံညွှန်ကြားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါညွှန်ကြားချက်သည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်သည်။ ညွှန်ကြာချက်ကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

“ ဒေါ်လာဈေးကတော့ တဖြည်းဖြည်းတက်လာနိုင်တယ်။ ဒီဟာပေါ်အခြေခံပြီးတော့။ သူတို့ကတော့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေ အဆင်ပြေအောင်လို့ ဖြေလျှော့ပေးလိုက်တာ လို့ပြောတာပဲ။ စောင့်ကြည့်ရမှာပေါ့။” ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

ယခင်သတ်မှတ်ထုတ်ပြန်ထားသည့် ၅၀/၅၀ တွင်၊ ဗဟိုဘဏ်ကသတ်မှတ်ထားသည့် Online Trading တစ်ဒေါ်လာ ၂၉၂၀ ဖြင့် အရောင်းအဝယ်ပြုလုပ်ရသည့်အတွက် ပို့ကုန်လုပ် ငန်းရှင်များ အဆင်မပြေကြောင်း၊ ထို့ကြောင့် ပို့ကုန်တင်ပို့မှု ကျဆင်းခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ပို့ကုန်ဝင်ငွေဆိုင်ရာ ဖြေလျှော့မှုများ ဆောင်ရွက်ရခြင်းသည် ပို့ကုန်ပမာဏ ပိုမို မြင့်တက်လာစေရန်နှင့် နိုင်ငံအတွက် ကုန်ထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်ထားသည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ ဆောင်ရွက်မှုကြောင့် ပြည်ပမှကုန်ပစ္စည်းတင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များတွက် အနည်းငယ်သော အကျိုးသက်ရောက်မှုများရှိလာနိုင်ပြီး စက်သုံးဆီကဏ္ဍတွင် အထင် ရှားဆုံးဖြစ်လာနိုင်ကြောင်း နစကပြောခွင့်ရက ဆိုထားသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် ဗဟိုဘဏ်သို့ ရောင်းချပေးနေရခြင်းမှ ၃၅ ရာခိုင်နှုန်းသို့ လျှော့ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.