ပိတ်ပင်ထားသော်လည်း မြန်မာနိုင်ငံမှသစ်များကို ဥရောပအခြေစိုက်ကုမ္မဏီများ ဝယ်ယူ

ရန်ကုန်၊ မတ် ၂

မြန်မာနိုင်ငံမှတင်ပို့သောသစ်များကို တင်သွင်းခြင်းမလုပ်ဆောင်ရန် ပိတ်ပင်ထားသော်လည်း အီတလီနိုင်ငံအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့သည် မြန်မာ့သစ်များကို တင်သွင်းခြင်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံသည် မြန်မာနိုင်ငံမှထွက်ရှိသော ကျွန်းသစ်နှင့် အခြားသစ်ထွက်ပစ္စည်းများကို တင်သွင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အီတလီကုမ္မဏီများသည် အခြားဥရောပတိုက်နိုင်ငံများက တင်သွင်းသော သစ်ပမာဏာထက် ပိုမိုတင်သွင်းခဲ့ကြောင်း ICIJ အဖွဲ့က ဆိုသည်။

အီတလီကုမ္မဏီများသည် ပရိဘောဂနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်းတန်ဖိုးရှိ သစ်နှင့်သစ်ထွက်ပစ္စည်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ တင်သွင်းခဲ့ကြောင်း အဆိုပါအဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံမှထွက်ရှိသော သစ်နှင့်သစ်ထွက်ပစ္စည်းများကို တင်သွင်းခြင်းများမလုပ်ဆောင်ရန် တားမြစ်ပိတ်ပင်မိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော နိုဝင်ဘာလအတွင်းက ဥရောပသမဂ္ဂ၏ ရဲတပ်ဖွဲ့သည် ဥရောပသမဂ္ဂ ပိုင်နက်အတွင်းသို့ မြန်မာနိုင်ငံမှထွက်ရှိသောသစ်များ တရားမဝင်တင်သွင်းရန် ကြိုးပမ်းခဲ့သော သင်္ဘောတစ်စီးကို ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းသင်္ဘောပေါ်တွင် အမေရိကန်ဒေါ်လာ ၁၃,၀၀၀ တန်ဖိုးရှိသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂအပြင် အမေရိကန်ကုမ္မဏီများနှင့် အမေရိကန်နိုင်ငံသားများသည် မြန်မာနိုင်ငံမှထွက်ရှိသော သစ်တန်ချိန်အနည်းဆုံး ၃၀၀ တန်ကို ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း တင်သွင်းခဲ့ကြောင်း ICIJ ကဖော်ပြထားသည်။

မြန်မာအစိုးရက ၎င်းတို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ နှစ်အလယ်ပိုင်းအထိ ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၆ သန်းတန်ဖိုးရှိ သစ်များတင်ပို့နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကောင်းထက်ငွေ

icij.org/investigations

ပိတ်ပင်ထားသော်လည်း မြန်မာနိုင်ငံမှသစ်များကို ဥရောပအခြေစိုက်ကုမ္မဏီများ ဝယ်ယူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.