ဂါဇာ၊ အောက်တိုဘာ ၈
အစ္စရေးအကျဉ်းထောင်ထဲတွင် ဖမ်းဆီးထားသည့် ပါလက်စတိုင်းလူမျိုးများကို ပြန်လွှတ်ပေးမည်ဆိုလျှင် ၎င်းတို့အနေဖြင့်လည်း ပြန်ပေးဆွဲခဲ့သော အစ္စရေးတပ်ဖွဲ့ဝင်များနှင့် အစ္စရေးနိုင်ငံသားများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် al-Arouri က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဟားမက်စ်အဖွဲ့သည် အောက်တိုဘာ ၈ ရက်၊ နံနက်ပိုင်းက အစ္စရေးကို ကြိုတင်သတိပေးချက်မရှိဘဲ ရော့ကဒ်ဒုံးကျည်ထောင်ချီနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို အစ္စရေးပိုင်နက်အ တွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကာ နယ်စပ်ဒေသရှိ အစ္စရေးတပ်ဖွဲ့ဝင်များနှင့် အစ္စရေးနိုင်ငံသားများကို ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။
ထိုအပြင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့များက အစ္စရေးတပ်ဖွဲ့များ၏ တင့်ကားများကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
၎င်းက “ ကျွန်တော်တို့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ချိန်အတွင်း အစ္စရေးစစ်သား အများပြားကို ဖမ်းဆီးခဲ့သလို သတ်ဖြတ်တာမျိုးတွေလည်း လုပ်ခဲ့တယ်။ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲပါ။ အစ္စရေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းလူမျိုးတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ကျွန် တော်တို့ကလည်း ဖမ်းဆီးထားတဲ့ အစ္စရေးတပ်ဖွဲ့တွေနဲ့ အစ္စရေးနိုင်ငံသားတွေကို ပြန်လွှတ်ပေးမှာပါ။” ဟု ပြောသည်။
အစ္စရေးအကျဉ်းထောင်များတွင် ပါလက်စတိုင်းလူမျိုး ၅၂၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း အကျဉ်သားအခွင့်အရေး စောင့်ရှောက်ရေးအဖွဲ့ Addameer က ဆိုသည်။
ဟားမက်စ်အဖွဲ့၏ အလစ်တိုက်ခိုက်ခံရပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ၎င်းတို့အနေဖြင့် အချိန်ကြာပြီး ခက်ခဲမည့်စစ်ပွဲကို ရင်ဆိုင်နေကြရကြောင်း ထုတ်ဖော်ပြော ဆိုခဲ့သည်။
အစ္စရေးစစ်တပ်က စစ်သားများနှင့် တပ်မှူးများ သတ်ဖြတ်ခံခဲ့ရသလို စစ်ပွဲအကျဉ်းသားအဖြစ် ဖမ်းဆီးခံရခြင်းများ ရှိနေကြောင်း ပြောဆိုခဲ့သော်လည်း ဖမ်းဆီးခံရသူအရေအ တွက် အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြောင်း သိရသည်။
ဟားမက်စ်အဖွဲ့နှင့် အစ္စရေးကြားဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အောက်တို ဘာ ၈ ရက်၊ နံနက်ပိုင်းအထိ ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်နေသည့် ပါလက်စတိုင်းလူမျိုး အနည်း ဆုံး ၂၃၀ ကျော် သေဆုံးခဲ့သလို လူပေါင်း ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဟားမက်စ်အဖွဲ့အပေါ် ပြုလုပ်မည့် လက်တုံ့ပြန်တိုက်ခိုက်မှုအသစ်များ ထပ်မံမလုပ်ဆောင်ခင် ဂါဇာဒေသရှိ ဒေသခံများကို နေရပ်စွန့်ခွာဖို့ သတိပေးထားကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ အရှိန် မြင့်တက်လာခဲ့ပြီးနောက် မော်လ်တာနိုင်ငံ၏ တောင်းဆိုမှုအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် တံခါးပိတ် အရေးပေါ်အစည်းအဝေး ကျင်းပနေကြောင်း သိရသည်။
အမေရိကန်အစိုးရက အစ္စရေးအနေဖြင့် ကိုယ်ကိုယ်ကိုယ် ခုခံပိုင်ခွင့်အရ လက်တုံ့ပြန်ခွင့်ရှိကြောင်း ပြောဆိုပြီး၊ အီရန်နိုင်ငံက ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုများကို အားပေး ထောက်ခံထားကြောင်း သိရသည်။
အမေရိကန် လေကြောင်းအာဏာပိုင်အဖွဲ့က အမေရိကန် လေကြောင်းလိုင်းများကို အစ္စရေးလေကြောင်းပိုင်နက်အတွင်း မပျံသန်းရန်နှင့် ပျံသန်းမည်ဆိုပါက သတိထားရန် အသိ ပေးထားသည်။
ဟားမက်စ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ al-Arouri က လွတ်လပ်မှုအတွက် တိုက်ပွဲဆင်နွဲနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဘက်စုံတိုက်ပွဲများကို ပြုလုပ်နေပြီး တိုက်ပွဲများ ကို လက်ရှိထက် ပိုမိုအရှိန်မြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
၎င်းက “ ကျွန်တော်တို့အဖွဲ့ရဲ့ အဓိကပစ်မှတ်က လွတ်လပ်ဖို့ပါ။ ကျွန်တော်တို့ ပါလက်စတိုင်းတွေ လွတ်မြောက်ဖို့ပါ။ ကျွန်တော်တို့ဟာ လွတ်မြောက်ဖို့၊ လွတ်လပ်ဖို့ အခွင့်ရေးရှိ တယ်။ ကျွန်တော်တို့ဟာ အောင်ပွဲ၊ လွတ်လပ်မှုနဲ့ လွတ်လပ်ရေး ရယူနိုင်ချိန်အထိ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်မယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
ပါလက်စတိုင်းများကို ပြန်လွှတ်ပေးမည်ဆိုလျှင် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံသားများကို ပြန်လွှတ်ပေးမည်ဟု ဟားမက်စ်အဖွဲ့ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်