ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးလျှင် ဟားမက်စ်အဖွဲ့ကို ဖျက်သိမ်းသွားမည်

ဂါဇာ၊ ဧပြီ ၂၈

ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးမည်ဆိုလျှင် ဟားမက်စ်အဖွဲ့ကိုဖျက်သိမ်းကာ လက်နက်ချသွားမည်ဖြစ်ကြောင်း ဟားမက်စ်အဖွဲ့ခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား ၇ လနီးပါးကြာ ဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်နိုင်ရန်အတွက်အမေရိကန်၊ အီဂျစ်၊ ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးနေချိန်တွင် ဟားမက်စ်လက်နက်ကိုင်အုပ်စုက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

တူရကီနိုင်ငံအခြေစိုက် ဟားမက်စ်နိုင်ငံရေးဗျူရိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဘာဆန်နိုင်းက “ ဂျေရုဆလင်ကို မြို့တော်အဖြစ် ခွင့်ပြုပေးမှုနဲ့အတူ ပါလက်စတိုင်းကို လွတ် လပ်တဲ့နိုင်ငံအဖြစ် တည်ထောင်ခွင့်ပေးမယ်ဆိုရင် လက်နက်ချသွားမယ်။ ဟားမက်စ်အဖွဲ့ကိုဖျက်သိမ်းပြီး နိုင်ငံရေးပါတီအဖြစ် ထူထောင်သွားမယ်။ ဒါ့အပြင် ဟားမက်စ်အဖွဲ့ရဲ့စစ်ရေးအဖွဲ့စည်းဖြစ်တဲ့ အယ်ကွာဆန်အဖွဲ့ကိုလည်း ပါလက်စတိုင်းနိုင်ငံရဲ့စစ်တပ်အဖြစ် တည်ထောင်သွားမယ်။ နယ်မြေတွေ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့အတွက် ကျွန်တော်တို့ဟာ ကျူးကျော်သူတွေကို ခုခံစစ်လုပ်ဆောင်နေတာပါ။ ကျွန်တော်တို့ရဲ့ပိုင်နက်နယ်မြေတွေမှာ ကျူးကျော်သူတွေမရှိတော့ဘူးဆိုရင် ကျွန်တော်တို့လည်း ခုခံစရာမလိုတော့ဘူး။” ဟုပြောသည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ်ကဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အရှေ့ဂျေရုဆလင်မြို့၊ အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုဆလင်မြို့များကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဟားမက်စ်လက်နက်ကိုင်အုပ်စုက အစ္စရေးနိုင်ငံကသိမ်းယူခဲ့သော နယ်မြေများကိုစုစည်းပြီး နိုင်ငံတည်ထောင်ခွင့်ပေးရန် အဆိုပြုကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ်ဖွဲ့စည်းတည်ထောင်ခွင့်ပေးရန် နိုင်ငံတကာအဖွဲ့စည်းများက ထောက်ခံထားသော်လည်း အစ္စရေးအစိုးရက ယခင်တုန်းက ငြင်းဆန်ပယ်ချခဲ့ပြီး လက်ရှိအချိန်တွင် တစ်စုံတရာတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ကောင်းထက်ငွေ

cnn.com

ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးလျှင် ဟားမက်စ်အဖွဲ့ကို ဖျက်သိမ်းသွားမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.