အင်္ဂလန်၊ ဇန်နဝါရီ ၃၁
ဗြိတိန်နိုင်ငံအနေဖြင့် ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုရန် သင့်၊ မသင့်ဆိုသောအချက်ကို စဉ်းစားနေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိမှတ်ပြုမည်ဆိုလျှင် အရှေ့အလယ်ပိုင်းဒေသအတွင်း ငြိမ်းချမ်းရေးယူနိုင်မည်ဟု ယုံကြည်ကြောင်း ဒေးဗစ်ကင်မရွန်းက ပြောသည်။
၎င်းက “ ပါလက်စတိုင်းတွေက ဘာတွေကို နှစ်သက်မြတ်နိုးမလဲဆိုတဲ့အချက်က စတင်ဆွေးနွေးဖို့ တာဝန်ရှိတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ ဗြိတိန်နိုင်ငံရဲ့မဟာမိတ်နိုင်ငံတွေဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိမှတ်ပြုပေးသင့်တယ်။ ဒီလိုမျိုးသာလုပ်ဆောင်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးတိုးတက်မှုတွေ ဖြစ်လာမှာဖြစ်တယ်။” ဟုပြောသည်။
ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိမှတ်ပြုခြင်းသည် ဗြိတိန်အတွက် သမိုင်းဝင် သံတမန်ရေးဆက်ဆံရေး ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ဒေးဗစ်ကင်မရွန်းက ပြောသည်။
ဗြိတိန်သည် ၂၀၁၁ ခုနှစ်တုန်းက ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုရန် အစီအစဉ်ရှိခဲ့သော်လည်း ကုလသမဂ္ဂက ယင်းအချိန်တွင် ပါလက်စတိုင်းကို ကုလသမဂ္ဂ၏ တစ်စိတ်တစ်ပိုင်းအဖွဲ့ဝင်နိုင်ငံအဖြစ်သာ သတ်မှတ်ခဲ့ကြောင်း ဒေးဗစ်ကင်မရွန်းက ပြောသည်။
ဒေးဗစ်ကင်မရွန်းက ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်တွင် ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုရန် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။
ဗြိတိန်နှင့် မဟာမိတ်နိုင်ငံများသည် ပါလက်စတိုင်းနှင့် အစ္စရေးကို နှစ်နိုင်ငံအဖြစ် ရပ်တည်သတ်မှတ်ရေးကို လက်ခံဖွယ်ရှိနေပြီး၊ ဂျေရုဆလင်ကို နှစ်ဖက်စလုံး၏ မြို့တော်အဖြစ်သတ်မှတ်လက်ခံပေးရဖွယ်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
theguardian.com
ပါလက်စတိုင်းနိုင်ငံကို အသိမှတ်ပြုရန် စဉ်းစားနေကြောင်း ဗြိတိန်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်