ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံတည်ထောင်ရန် ခွင့်ပြုမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

တဲလ်အဗစ်၊ ဇန်နဝါရီ ၂၁

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဂါဇာဒေသတွင် ပါလက်စတိုင်းအချုပ်အခြာအာဏာပိုင် နိုင်ငံတည်ထောင်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေးဝန်ကြီးချုပ်သည် ပြီးခဲ့သောရက်ပိုင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဆက်နွယ်ဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထား သည်။

အမေရိကန်သမ္မတက နေတန်ရာဟုသည် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခြင်းကို သဘောတူညီမည်ဟု ယုံကြည်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ပြောဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်က “ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်းမှာ အစ္စရေးနိုင်ငံကို ထပ်မံခြိမ်းခြောက်မှုတွေမဖြစ်အောင် ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့အချက် နဲ့ ပါလက်စတိုင်းအချုပ်အခြာအာဏာပိုင် နိုင်ငံကိုတည်ဆောက်မှာကို ကန့်ကွက်တယ်ဆိုတာ ပြောခဲ့တယ်။” ဟု ဆိုသည်။

ထိုအပြင် အစ္စရေးဝန်ကြီးချုပ်က ဂျော်ဒန်အနောက်ဘက်ခြမ်း ပိုင်နက်နယ်မြေအားလုံးကို ထိန်းချုပ်မည်ဆိုသောပြောဆိုချက်များက မှန်ကန်မှုမရှိကြောင်း တုံ့ပြန်ခဲ့သည်။

အမေရိကန်သမ္မတက အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံရပ်တည်ရေးဆိုသော ဆုံဖြတ်ချက်က အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများထဲတွင် ကိုယ်ပိုင်စစ်တပ်မရှိသော နိုင်ငံများရှိနေပြီး နှစ်နိုင်ငံအတူ ရပ်တည်ရေးနှင့်ပတ်သက်ပြီး မော်ဒယ်အမျိုး မျိုးရှိနေကြောင်း ဆိုသည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် ကြိုတင်သတိပေးချက်မရှိဘဲ အစ္စရေးနိုင်ငံကို ပြီးခဲ့သောနှစ် အောက်တိုဘာလတွင် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနှင့်ပါလက်စတိုင်းကြား စစ်ပွဲ ဖြစ်လာခဲ့ရာ အစ္စရေးက ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်နှင့် ပြန်ပေးဆွဲခံရသူများ ပြန်လည်လွတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် ဂါဇာဒေသကို တိုက်ခိုက်နေကြောင်း သိရသည်။

အစ္စရေးသည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိမှတ်ပြုထားခြင်းမရှိကြောင်း သိရသည်။

ကောင်းထက်ငွေ

straitstimes.com

ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံတည်ထောင်ရန် ခွင့်ပြုမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.