တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၁၇
ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်လိုက်ခြင်းသည် အကြမ်းဖက်အုပ်စုများကို ကြီးမားသော ဆုကြေးပေးသလို ဖြစ်လာစေနိုင်ပြီး နိုင်ငံအဖြစ် အသိမှတ်ပြုမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံကြား ကာလအတန်ကြာဖြစ်ပွားနေသည့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရန်အတွက် အမေရိကန်နိုင်ငံသည် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ်အသိမှတ်ပြုပေးရန် လိုလားနေကြောင်း သတင်းများထွက်ပေါ်နေချိန်တွင် အစ္စရေးဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက “ အစ္စရေးနိုင်ငံဟာ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိမှတ်ပြုမှုတွေကို ဆန့်ကျင့်နေတာ ဆက်လက်လုပ်ဆောင်မယ်။ ၂၀၂၃ ခုနှစ်၊အောက်တိုဘာ ၇ ရက်နေ့မှာစတင်ခဲ့တဲ့ ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့လုပ်ဆောင်သွားမယ်။ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိမှတ်ပြုမယ်ဆိုရင် ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေကို ကြီးမားတဲ့ ဆုကြေးပေးသလိုမျိုး ဖြစ်လာနိုင်တယ်။ အဲဒီလုပ်ရပ်က အနာဂတ်ငြိမ်းချမ်းရေးသဘောတူညီချက်ကို အဟန့်တားဖြစ်လာဖွယ်ရှိနေပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းတွေနဲ့ အမြဲတမ်းယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေကို ငြင်းဆန်ပယ်ချပါတယ်။” ဟု ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်ရန်အတွက် အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့ ကြားဝင်စေ့စပ်ဆွေးနွေးနေရာ အဆိုပြုချက်များကို အစ္စရေးဝန်ကြီးချုပ်က ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
သို့သော်လည်း အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာဒေသစစ်ပွဲနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးသဘောတူညီများသည် မွတ်စလင်များ၏ ရာမာဒန်ကာလဖြစ်သော မတ်လ ၁၀ ရက်နေ့မတိုင်မီ ရရှိနိုင်မည်ဟု မျှော်လင့်ချက်များလည်းရှိနေကြောင်း အမေရိကန်အခြေစိုက် ဝါရှင်တန်ပိုစ့်သတင်းစာက ဖော်ပြထားသည်။
ကောင်းထက်ငွေ
alarabiya.net/News
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိမှတ်ပြုမည်မဟုတ်ဟု ဝန်ကြီးချုပ်နေတန်ရာဟု ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်