အစ္စလာမာဘတ်၊ ဇန်နဝါရီ ၃၀
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်ရန်ခန်းသည် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် သီတင်းပတ်နှစ်ပတ်အလိုတွင် ပါတီခေါင်းဆောင်ဖြစ်သူ အင်ရန်ခန်းကို ပြစ်ဒဏ်ပေးခဲ့ခြင်းဖြစ်ရာ ပါကစ္စတန် Pakistan Tehreek-e-Insaf (PTI) ပါတီအတွက် ထိုးနှက်ချက်ဖြစ်လာစေခဲ့ကြောင်း သိရသည်။
ပါကစ္စတန်တရားရုံးသည် Pakistan Tehreek-e-Insaf (PTI) ပါတီ၏ ဒုတိယခေါင်းဆောင်ဖြစ်သူ Shah Mehmood Qureshi ကိုလည်း ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ပါကစ္စတန်တရားရုံးသည် ဝန်ကြီးချုပ်ဟောင်း အီရန်ခန်းနှင့် ပါတီဒုတိယခေါင်းဆောင်တို့ကို Adiala အကျဉ်းထောင်သို့ ပို့ဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အီရန်ခန်းသည် နိုင်ငံတော်လျိုဝှက်အက်ဥပဒေ ချိုးဖောက်မှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ထောင်ဒဏ် ၁၀နှစ် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
အီရန်ခန်းသည် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ တာဝန်ယူခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လွှတ်တော်အတွင်း အယုံကြည်မရှိအဆို တင်သွင်းခံရ ကာ၊ မဲခွဲချိန်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ဆင်းပေးခဲ့ရသူဖြစ်သည်။
အီရန်ခန်းသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုများရှိသည်ဆိုကာ ယခင်က ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံထားရသဖြစ်သည်။
ပါကစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခါနီး ရက်ပိုင်းအလိုတွင် အဓိကအတိုက်ခံပါတီ ခေါင်းဆောင်တစ်ဦးသည် ထောင်ဒဏ်အပြစ်ပေးခံရခြင်းဖြစ်ကြောင်း သိရသည်။
အီရန်ခန်းက သူ့အပေါ် တရားစွဲ အမိန့်ချမှတ်ခြင်းများသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သော လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထားသည်။
အီရန်ခန်းနှင့် Shah Mehmood Qureshi တို့ကို တရားစီရင်ရာတွင် ထောင်အတွင်းအထူးတရားရုံးဖွဲ့ကာ စစ်ဆေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတကာမီဒီယာများကို ဝင်ရောက်ခွင့်မပေးခဲ့ကြောင်း သိရသည်။
(PTI) ပါတီက တရားရုံးဆုံးဖြတ်ချက်များကို လက်မခံနိုင်ကြောင်း၊ ပါတီခေါင်းဆောင်များကို အပြစ်ပေးခြင်းက ရွေးကောက်ပွဲဝင်မည့် (PTI)ပါတီကို ဟန့်တားနိုင်ရန်ကြိုးပမ်းခြင်းမျိုးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကောင်းထက်ငွေ
channelnewsasia.com
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်ရန်ခန်းနှင့် (PTI)ပါတီ ဒုတိယခေါင်းဆောင်ကို ထောင်ဒဏ် ၁၀နှစ်စီ ပြစ်ဒဏ်ချမှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်