ကရာချိ၊ မတ် ၁၀
ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သောလက ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် နိုင်ငံရေးပါတီများကြား အငြင်းပွားမှုများရှိနေချိန်တွင် ပါကစ္စတန်ပြည်သူပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ အလီ ဇာဒါရီကို သမ္မတအသစ်အဖြစ် လွှတ်တော်ကရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။
အလီ ဇာဒါရီသည် ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သော ဘီနာဇာ ဘူတို၏ ခင်ပွန်းဖြစ်ကာ၊ သမ္မတအဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တာဝန်ယူခဲ့ဖူးသူဖြစ်သည်။
ပါကစ္စတန်လွှတ်တော်သည် မတ်လ ၉ ရက်နေ့တွင် သမ္မတရွေးကောက်ပွဲကို မဲပေးရွေးချယ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၄၁၁ မဲက အလီ ဇာဒါရီကို သမ္မတအသစ်အဖြစ် ထောက်ခံမဲပေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၈၁ ဦးက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။
ဇာဒါရီ၏ပါတီဖြစ်သည့် ပါကစ္စတန်ပြည်သူပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် (PML-N) ပါတီကိုယ်စားလှယ်များသည် ဇာဒါရီကို သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူခွင့်ရရှိစေရန်အတွက် မဲပေးခဲ့ခြင်းဖြစ်ပြီး၊ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ဦးဆောင်သော PTI ပါတီလွှတ်တော်ကိုယ်စားလှယ်အများအစုက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။
ပါကစ္စတန်ပြည်သူပါတီနှင့် PML-N ပါတီတို့ ပူးပေါင်းပြီး ညွှန်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် သဘောတူညီချက်အရ PML-N ပါတီခေါင်းဆောင်ဖြစ်သော ရှိဘတ် ရှာရစ်က ဝန်ကြီးချုပ်အဖြစ် မတ်လ ၁၁ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။
ရွေးကောက်ပွဲကို အတိုက်ခံပါတီဖြစ်သော PTI ပါတီက ဝေဖန်ပြစ်တင်ထားပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့က အင်တာနက်လိုင်းများ မကောင်းခဲ့ကြောင်း၊ ရလဒ်ထုတ်ပြန်ရန် နှောင့်နှေးခဲ့ပြီး ၎င်းတို့ပါတီအနိုင်ရရန် အတားဆီးများရင်ဆိုင်ခဲ့ရကြောင်း၊ ရွေးကောက်ပွဲက အနှောက်ယှက်များရှိခဲ့ကြောင်း ပြောသည်။
ကောင်းထက်ငွေ
theguardian.com
ပါကစ္စတန်ပြည်သူပါတီခေါင်းဆောင်ကို သမ္မတအဖြစ် တစ်ကျော့ပြန်ရွေးချယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်