မတ်ချ်၊ မတ် ၁၂
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် လက်နက်ကိုင်စစ်သွေးကြွများက ဓားစာခံအဖြစ်ဖမ်းဆီးထားသော ရထားစီးခရီးသည် ဒါဇင်ပေါင်းများစွာကို ပါကစ္စတန်တပ်ဖွဲ့များက မတ် ၁၁ ရက်၊ အင်္ဂါနေ့တွင် ကယ်တင်နိုင်ခဲ့ပြီး ခရီးသွားအချို့ကို စစ်သွေးကြွများက ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွများကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားသည်။
အာဖဂန်နစ္စတန်နှင့် အီရန်နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်အတွင်း အကြမ်းဖက်မှုများ မြင့်တက်လာပြီးနောက် ခွဲထွက်ရေးတပ်(BLA)မှ သေနတ်သမားများက အင်္ဂါနေ့မွန်းလွဲပိုင်းတွင် လူအများနှင့်အလှမ်းဝေးပြီး တောတောင်ထူထပ်သောနေရာတွင် ရထားကိုစီးနင်းခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများထံမှ အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် ကလေး ၁၁ ဦးအပါအဝင် ဓားစာခံ ၈၀ ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက AFP သတင်းဌာနသို့ပြောကြားပြီး စစ်သွေးကြွ ၁၃ ဦး သေဆုံးခဲ့ကြောင်း ထည့်သွင်းပြောကြားသည်။
“ကျန်ခရီးသည်များ ဘေးကင်းစွာလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အကြမ်းဖက်သမားတွေကို ဝိုင်းရံထားပြီး၊ နောက်ဆုံး အကြမ်းဖက်သမားကို ချေမှုန်းသွားနိုင်သည်အထိ စစ်ဆင်ရေးဆက်လက်လုပ်ဆောင်သွားပါမယ်။ ဟု လုံခြုံရေးသတင်းရင်းမြစ်က ဆိုသည်။
အနီးနားရှိ မီးရထားဘူတာရုံကို ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ပြီး ဒဏ်ရာရရှိသူအချို့ကို လက်ခံထားပြီး ပြုစုကုသပေးနေကြောင်း၊ ရထားမောင်းသူ၊ ရဲအရာရှိတစ်ဦးနှင့် စစ်သားတစ်ဦးတို့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ကြောင်း မတ်ချ်မီးရထားဘူတာမှ ဆေးမှူး Nazim Farooq နှင့် မီးရထားအရာရှိ Muhammad Aslam တို့၏ပြောကြားချက်အရ သိရ သည်။
အစောပိုင်းတွင် ပြည်နယ်မြို့တော် Quetta ရှိ အစိုးရအကြီးတန်းအရာရှိ Muhammad Kashif က “ လေယာဉ်ပေါ် ပါ ခရီးသည် ၄၅၀ ကျော်ကို သေနတ်သမားများက ဓားစာခံအ ဖြစ်ဖမ်းဆီးထားကြောင်း AFP သို့ ပြောကြားသည်။
BLA ၏ ထုတ်ပြန်ချက်တွင် သေနတ်သမားများသည် ရထားပေါ်သို့မ၀င်ရောက်မီ မီးရထားလမ်းအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်သွေးကြွများသည် ရထားကို လျင်မြန်စွာထိန်းချုပ်နိုင်ခဲ့ပြီး ခရီးသည်အားလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း မီဒီယာများသို့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
#BangkokPost
#ယနေ့ခေတ်
ပါကစ္စတန်တွင် စစ်သွေးကြွများ စီးနင်းခဲ့သည့်ရထားပေါ်မှ ခရီးသည်ဒါဇင်နဲ့ချီ လွတ်မြောက်ခဲ့သော်လည်း ဓားစာခံအချို့ ကျန်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်