ပလောက်မြို့အနီး တိုက်ပွဲများကြောင့် မြိတ်-ထားဝယ်ကားလမ်းတွင် ခရီးသည်ကားနှင့် ကုန်တင်ယာဉ်များအများအပြား ပိတ်မိနေ

မြိတ်၊ မေ ၁၈

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများကြောင့် ခရီးသည်ကားများနှင့် ကုန်တင်ယာဉ်များ ၁၀ ရက်ကျော်အထိ ပိတ်မိနေပြီး အခက်အခဲများဖြစ်နေကြောင်း ကားသမားနှင့် ဒေသခံခရီးသည်များထံမှ သိရသည်။

ဒေသတွင်းလက်နက်ကိုင်အဖွဲ့များနှင့် နစကတပ်တို့ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာနှင့် ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတွင် ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ ပိတ်မိနေခြင်းဖြစ်ပြီး၊ ရက်ရှည်ပိတ်မိနေခြင်းကြောင့် ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုဖြစ်ပွားနေကြောင်း ယာဉ်မောင်းတစ်ဦးက ပြော သည်။

“ ရန်ကုန်-မြိတ်ကို ဆင်းလာတဲ့ကားတွေဟာ ပလောက်မြို့မှာ ပိတ်မိနေပြီး မြိတ်-ရန်ကုန်သွားမယ့်ကားတွေဟာ ပုလောမြို့မှာ ပိတ်မိနေတယ်။ ကားတွေမနည်း ပိတ်မိနေတာ။ ဆက်မသွားရဲတဲ့အခြေအနေဖြစ်နေတာလေ။ တချို့ကုန်ကားထဲက အသီးအနှံကုန်ပစ္စည်းတွေဆို ပျက်စီကုန်ပြီ။” ဟု အဆိုပါယာဉ်မောင်းက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ပိတ်မိနေသည့်ကားအစီးရေ ၂၀၀ ကျော်အထိရှိပြီး၊ ခရီးသည်နှင့် ကားသမားဦးရေ ၃၀၀၀ ကျော်အထိ ပိတ်မိနေသည်ဟု ခရီးသည်တစ်ဦးက ပြောသည်။

“ ဒီအတိုင်း စောင့်မနေနိုင်ဘူးလေ။ ရန်ကုန်-မြိတ်ကိုဆင်းလာပြီး ပိတ်မိနေတဲ့ခရီးသည်တချို့က ပလောက်မြို့ကနေ မြိတ်ကိုရေကြောင်းနဲ့ခရီး တစ်ကြောင်းကို ငွေ ၁၆၀,၀၀၀ ပေးပြီး ထွက်ခွာနေကြတယ်။” ဟု အထက်ပါခရီးသည်က ဆက်ပြောသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်း၊ ပုလောမြို့နယ်တွင် တပ်နှင့် လက်နက်ကိုင်အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသဖြင့် မြိတ်-ထားဝယ် ကားလမ်းမကို ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုကြရန် PDF အဖွဲ့က လူမှုကွန်ရက်ကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဓာတ်ပုံ – စီဂျေ

ပလောက်မြို့အနီး တိုက်ပွဲများကြောင့် မြိတ်-ထားဝယ်ကားလမ်းတွင် ခရီးသည်ကားနှင့် ကုန်တင်ယာဉ်များအများအပြား ပိတ်မိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.