ပန်းတနော်မြို့နယ် ပန်းတနော်တံတားအနီးတွင် ပြင်ပဒဏ်ရာဖြင့် အမျိုးသမီးအလောင်းတွေ့ရှိ

ပန်းတနော်၊ မတ်လ ၂၈

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ဝင် မြစ်ကူးတံတားအောက်တွင် မတ် ၂၆ ရက်၊ နေ့လည်ပိုင်းက ပြင်ပဒဏ်ရာများဖြင့် အမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ အလောင်းဟာ တံတားရေလည်တိုင်အနီးမှာ အမှိုက်ခြုံ နွယ်တွေနဲ့ ကပ်ညိနေတာကို ရေလုပ်သားတွေကစတွေ့တာ။ ဒဏ်ရာတွေနဲ့တွေ့တာ။ ဘယ်သူဘယ်ဝါဆိုတာတော့ မသိဘူး။” ဟု ပန်းတနော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

တံတားအောက်တွင်တွေ့ရှိရသည့် အဆိုပါအမျိုးသမီးအလောင်းသည် ခန့်မှန်းအသက် ၂၀ ကျော်အရွယ်ရှိပြီး လက်ရှိ ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့က အလောင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

“ အလောင်းကို ပရဟိတအဖွဲ့တွေက ဆေးရုံသယ်သွားတာတွေ့ရတယ်။ ရဲတွေလည်းလာစစ်သွားတယ်။ အလောင်းက မျက်နှာနဲ့ခေါင်းတွေမှာ ဒဏ်ရာတွေနဲ့။ အသတ်ခံရတာဖြစ်နိုင် တယ်လို့ ကနဦးယူဆထားတယ်လေ။” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ပန်းတနော်မြို့အဝင် မြစ်ကူးတံတားအောက်တွင်တွေ့ရှိရသည့် အဆိုပါသေဆုံးရုပ်အလောင်းတွင် ပြင်ပဒဏ်ရာတွေရှိခြင်းကြောင့် သတ်ဖြတ်ခံထားရတာဖြစ်နိုင်သည်ဟု ဒေသခံများကပါ ယူဆနေကြသည်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့အဝင် တံတားအောက်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်ကလည်း အသက် ၂၀ အရွယ် အမျိုးသားအလောင်းတစ်လောင်းကို ဒေသခံများက တွေ့ရှိခဲ့သေးကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

ပန်းတနော်မြို့နယ် ပန်းတနော်တံတားအနီးတွင် ပြင်ပဒဏ်ရာဖြင့် အမျိုးသမီးအလောင်းတွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.