ပန်းတနော်၊ စက်တင်ဘာ ၃
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီဖြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားလာသဖြင့် လူနေအိမ် ၁၄ လုံးအား အရေးပေါ်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
အဆိုပါနေအိမ် ၁၄ လုံးကို ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က အရေးပေါ်ဖျက်သိမ်းပြီး ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ယာ ယီရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
“ မပြောင်းရင် ကမ်းပြိုကျတဲ့အထဲပါသွားနိုင်တယ်။ ဒါ့ကြောင့် နေအိမ်တွေကို ဖျက်သိမ်းပြောင်းရွှေ့တာပါ။ မြစ်ကမ်းပါးက ဧရာဝတီဖြစ်ရေတိုက်စားလို့ ကမ်းပါးကပြိုကျလာတာ။” ဟု ဒေသခံလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
ထိုသို့ အရေးပေါ်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် ၁၄ လုံးမှ ဒေသခံများသည် လက်ရှိနေအိမ်များ ပြန်လည်အစားထိုး တည်ဆောက်ရန်အတွက်နှင့် စားသောက်ရေးအတွက် အကူအညီ များလိုအပ်နေကြောင်း သိရသည်။
“ ရုတ်တရက်ပြောင်းရတော့ အကူအညီတွေလိုအပ်တာပေါ့။ ဒီကမ်းခြေမှာနေတဲ့ ဒေသခံတွေက ရေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့သူတွေလေ။ ဒီခေတ်ဒီကာလ အိမ်တစ်လုံးအသစ် ပြန်ဆောက်ဖို့က အရမ်းခက်ခဲတယ်။ မဖြစ်မနေကြောင့်သာရွှေ့ခဲ့ရတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါမြစ်ကမ်းပါးပြိုကျမှုဒဏ်ကြောင့် နေအိမ်များပြောင်းရွှေ့ရသော်လည်း လူနှင့် တရိစ္ဆာန်များ ထိခိုက်သေဆုံးခြင်းမရှိကြောင်း၊ ပြောင်းရွှေ့ရသည့်နေအိမ်များတွင် ဓနိမိုး၊ ထရံ ကာ၊ သွပ်မိုး၊ ထာရံကာနေအိမ်များ အများဆုံးပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်ကလည်း ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၆ လုံး ရွှေ့ပြောင်းခဲ့ရသေးကြောင်း သိရသည်။
ပန်းတနော်မြို့တွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားမှုကြောင့် နေအိမ် ၁၄ လုံး အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး အကူအညီများလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်