ပန်ဆိုင်း၌ တိုက်ပွဲအတွင်းပိတ်မိနေသည့် သံဃာတော်နှင့် ကိုရင်အပါး ၈၀ ကျော် မူဆယ်သို့ စစ်ဘေးရှောင်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပန်ဆိုင်းမြို့နယ်၌ တိုက်ပွဲအတွင်းပိတ်မိနေသည့် သံဃာနှင့် ကိုရင်အပါး ၈၀ ကျော် ယမန်နေ့က မူဆယ်မြို့သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်း ပရဟိတအသင်းတစ်သင်းထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ပန်ဆိုင်းမြို့နယ်၊ ကောင်းခန်ကျေးရွာမှ သံဃာနှင့် ကိုရင်အပါး ၈၀ ကျော်ကို ယမန်နေ့က မူဆယ်မြို့၊ တောင်ရပ်ကွက်၊ ဇေတဝန်ကမ္မဌာန်းကျောင်းသို့ ကူညီပို့ဆောင်ခဲ့ကြောင်း မူဆယ်မြို့အခြေစိုက် HMS ပရဟိတအသင်းမှ အသင်းသားတစ်ဦးက ပြောသည်။

“ မနေ့က မနက် ၆ နာရီလောက်က ကျွန်တော်တို့အဖွဲ့နဲ့ တချို့ကားဆရာတွေပေါင်းပြီး သံဃာတော်တွေနဲ့ ကိုရင်အပါး ၈၀ ကျော်ကို ကောင်းခန်ရွာကနေ ပင့်ဆောင်ပြီး မူဆယ်က ကမ္မဌာန်းကျောင်းကို ဘေးအန္တရာယ်ကင်းစွာနဲ့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။” ဟု အဆိုပါအသင်းမှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မူဆယ်မြို့နှင့် အနီးတဝိုက်၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကာ မူဆယ်အနီးရှိ ပန်ဆိုင်းဒေသမှ ဒေသခံလေးထောင်ကျော်မှာ မူဆယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများအပါအဝင် နေရာအချို့၌ စစ်ဘေးတိမ်းရှောင်လျက်ရှိနေကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားသော ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ တိုက်ပွဲများကြောင့် ယခုရက်ပိုင်းအထိ အဆိုပါဒေသမှ ဒေသခံ ငါးသောင်းထက်မနည်း စစ်ဘေး တိမ်းရှောင်နေရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – HMS ပရဟိတအသင်း

#ယနေ့ခေတ်

ပန်ဆိုင်း၌ တိုက်ပွဲအတွင်းပိတ်မိနေသည့် သံဃာတော်နှင့် ကိုရင်အပါး ၈၀ ကျော် မူဆယ်သို့ စစ်ဘေးရှောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.