ရန်ကုန်၊ဖေဖော်ဝါရီ ၂၅
ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက် ၉ နာရီမှစ၍ မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့တွင် Online booking စနစ်ဖြင့် ပတ်စ်ပို့လျှောက်ထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံးအဖွဲ့က အသိပေးထားသည်။
အဆိုပါ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများအတွက် အဆင်ပြေချောမွေ့စေရန် KBZPay / MPU Card ဖြင့် Online မှ Booking တင်၍ Appointment Date ရယူဆောင်ရွက်နိုင်ကြောင်း၊ သို့သော် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများမဟုတ်ပါက Booking ရသော်လည်း ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း၊ Online မှ Booking ရရှိပြီးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားမှုအား လဝကမှ စိစစ်ထားသော UID နံပါတ်များရှိပါက တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ကြောင်း အသိပေးထားသည်။
“ အခုဆိုအရင်ထက် နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေက အရမ်းများတယ်။ မန္တလေးမှာဆိုရင် လူတောင်ပိတယ်ဆိုတော့ အဆင်မပြေဘူး။ ခုချိန်ထိ နိုင်ငံကူးလက်မှတ်က လျှောက်လို့ရပါသေးတယ်။” ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားသူတစ်ဦးက ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူအရေအတွက် ပိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်) တွင် Online Booking တင်၍ QR စနစ်ဖြင့် တစ်ရက်လျင် ၂၇၀၀ ဦးနှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင်လည်း သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင်လည်း Online မှ Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ Website ၏ www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး KBZPay / MPU Card ဖြင့် ငွေပေးချေခြင်းဖြင့် ကြားခံပွဲစား/အကျိုးဆောင်များမလိုအပ်ဘဲ ကာယကံရှင်ကိုယ်တိုင်သာ လျှောက်ထားနိုင်ရေးစီစဉ်ထားရှိခြင်းဖြစ်ကြောင်း အသိပေးထားသည်။
စုစု
ဓာတ်ပုံ – CJ
ပတ်စ်ပို့ရုံးခွဲများတွင် ယနေ့မှစ၍ Online booking စနစ်ဖြင့် လျှောက်ထားနိုင်ပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်