ဖားကန့်၊ စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပထမအကြိမ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသဖြင့် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆေးရုံအတွင်း ဝင်ရောက်ကာ ထပ်မံပစ်ခတ်ခံ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့် ထပ်မံပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်သည် အခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ ၂၁ ရက်က ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာ၌ ကားတစ်စီးဖြင့်ထွက် လာစဉ် လမ်းတစ်နေရာ၌ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ပစ်ခတ်မှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်မြို့၊ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆေးကုသမှုခံယူနေသည့် ရဲတပ်ဖွဲ့ဝင်အား စက်တင်ဘာ ၂၅ ရက်၊ နေ့လည် ၂ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့မှုကြောင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ လက်နက်ကိုင်အဖွဲ့တစ်ခုက အဲ့ဒီရဲတပ်ဖွဲ့ဝင်ကို ပထမတစ်ခါ ပစ်ခတ်ခဲ့လို့ ဒဏ်ရာသွားတယ်။ ဒါ့ကြောင့် ဖားကန့်ဆေးရုံကြီးမှာ ဆေးကုနေတာ။ မနေ့က ထပ်လာပြီး ဆေးရုံထဲ အထိဝင်ပြီး ဦးခေါင်းကို သေနတ်နဲ့ နှစ်ချက်တေ့ပစ်သွားတာ တစ်ခါတည်းသေဆုံးသွားတာ။” ဟု အထက်ပါပုဂ္ဂိုလ်က ယနေ့ခေတ်မီဒီယာသို့ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်များစီးလာသည့်ကား ပစ်ခတ်ခံရပြီး ရဲတပ် ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်ကလည်း နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နယ်ထိန်း ရဲတပ်ဖွဲ့ဝင်စီးလာ သည့်ကားအား ယူဆောင်သွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်ကလည်း ဖားကန့်မြို့အခြေစိုက်၊ မူးယစ်တပ်ဖွဲ့စု (၅၃) မှ မူးယစ်ဆေးဝါးနှိမ်နှင်းရေး တပ်ဖွဲ့ဝင် ၃ ဦးသည် ဖားကန့်မြို့၊ မော်ဝမ်းရက် ကွက်ရှိ ဈေးဆိုင်တစ်ခုရှေ့တွင် ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့သေးကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
ဝဏ္ဏ
ပစ်ခတ်ခံရ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထပ်မံပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်