ရန်ကုန်၊ ဒီဇက်ဘာ ၇
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းတိုက်နယ်မြို့၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ခုနစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ သတင်းထုတ်ပြန်သည်။
တိုက်ပွဲကြောင့် မုန်းမြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာပေါင်း ၉၅ ရွာမှ သောင်းနှင့်ချီသော ပြည်သူလူထုမှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ကောက်ခံရရှိသော စာရင်းများအရ ကျေးရွာပေါင်း ၈၅ ရွာမှ ဒေသခံ ၆၈,၄၀၃ ဦးရှိပြီးဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ မုန်းမြို့ပေါ်အတွင်း နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့အတွက် ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီးများမှု၊ ပြည်သူလူထု ထိခိုက်သေဆုံးရမှုနှင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ပြည်သူလူထု၏ အချက်အလက်များကို အတိအကျကောက်ယူရရှိရန် ကြန့်ကြာလျက်ရှိပါတယ်။” ဟု KNU က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အပြင် တိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ ရေလဲကျေးရွာရှိ ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၄ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ရှောင်များအား KNU မှ တတ်အားသရွေ့ ကူညီဆောင်ရွက်ပေးနေသော်လည်း တစ်နေ့ထက်တစ်နေ့ များပြားလာသော စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ နေရာထိုင် ခင်းအတွက် အမိုးအကာများ၊ စောင်နှင့် ဆေးဝါးတို့ အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၃ ရက်၊ နံနက်အစောပိုင်းမှစတင်၍ မုန်းမြို့ရှိ တပ်စခန်းအချို့နှင့် ရဲစခန်းအချို့ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့များက စတင်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ဆက်လက်ဖြစ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
မုန်းမြို့တိုက်ပွဲများနှင့် ပတ်သတ်၍ KNU ဘက်မှ သတင်းထုတ်ပြန်ထားရာတွင် ဒီဇင်ဘာ ၂ ရက်၊ ညပိုင်းမှစ၍ အင်အား ၁၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်တွင် မြို့ပေါ် ရှိ တပ်စခန်းများအားလုံးကို သိမ်းပိုက်ရရှိကြောင်းထုတ်ပြန်ပြီး၊ နစကဘက်မှ သတင်းထုတ်ပြန်ထားရာတွင် မုန်းတိုက်နယ်ဒေသအား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကာ ဖမ်းဆီးခံသူ များအားကယ်တင်ရန် ဆောင်ရွက်နေပြီး၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ပြောကြားသည်။
နှစ်ဖက်ပြောဆိုမှုအပေါ် ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
မုန်းမြို့မှာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း၌တည် ရှိပြီး KNU တပ်မဟာ ၃ နယ်မြေအတွင်ပါဝင်ကာ၊ ယခုနှစ်အတွင်း အဆိုပါဒေသတွင် တိုက်ပွဲများ ကြောင့် ဒေသခံ နှစ်ထောင်ထက်မနည်း စစ်ရှောင်နေရကာ ယခုတိုက်ပွဲကြောင့် စစ်ဘေးရှောင်သူ ပိုမိုများပြားလာကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
ဓာတ်ပုံ – KNU
နှစ်ဖက်တိုက်ပွဲကြောင့် မုန်းဒေသခံ ခုနစ်သောင်းနီးပါး စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်