ရန်ကုန်၊ မတ် ၂၃
နိုင်ငံတကာဝယ်လိုအားနှင့် ပြည်တွင်းဝယ်လိုအား ကျဆင်းနေခြင်းကြောင့် နွေစပါးစိုက်ပျိုးသော တောင်သူလယ်သမားများထံမှ စပါးတင်းသိန်း ၁၅၀ နှင့် ဧည့်မထဆန်အိတ် ၄ သိန်း ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
နွေစပါးစိုက်ပျိုးသော တောင်သူလယ်သမားများအနေဖြင့် ဧည့်မထဈေးနှုန်းကျဆင်းနေခြင်းနှင့် ရောင်းချရန်ခက်ခဲနေခြင်းတို့ကြောင့် MRF အနေဖြင့် ဧပြီလနှင့် မေလတွင်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ ပို့ကုန်ကုမ္ပဏီတွေ၊ အသင်းဝင်ဆန်စက်ကြီးတွေနဲ့ ပူးပေါင်းပြီးတော့ဝယ်သွားမယ်။ စပါး/ဆန်ရောင်းချဖို့ အခက်အခဲရှိတဲ့တောင်သူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး ဖုန်းနံပါတ် ဝ၁-၂၃၀၁၁၂၈-၂၉ ၊ ၀၁-၂၁၈၂၆၆-၆၈ ကို ဆက်သွယ်နိုင်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့သော် ပေါ်ဆန်းစပါးစျေးသည် အမြင့်ပိုင်းတွင်ရှိနေသည့်အတွက် လတ်တလောတွင် ပေါ်ဆန်းကိုဆောင်ရွက်ရန် မလိုအပ်သေးကြောင်း သိရသည်။
နွေစပါးပေါ်ချိန် ဧည့်မထ/အထူးဧည့်မထအုပ်စုစပါးများသာ စျေးကျဆင်းပြီး တင်း ၁၀၀ လျှင် ၁၃ သိန်း၊ ၁၄ သိန်းဝန်းကျင်ဖြစ်နေ၍ ဧည့်မထစပါးများဝယ်ယူရေးကို ဦးစားပေးလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
စပါးတင်းတစ်သိန်းလျှင် ကျပ်ငွေ ၁.၄ ဘီလီယံခန့်တန်ဖိုးရှိ၍ စပါးတင်းသိန်း ၁၅၀ သည် ကျပ်ငွေဘီလီယံ ၁၄၀ ခန့် ရှိကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ- ယနေ့ခေတ်
#ယနေ့ခေတ်
နွေစပါးတင်းသိန်းချီကို လယ်သမားများထံမှ ဆန်စပါးအသင်းချုပ်ဝယ်ယူမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်