နွားထိုးကြီး၌ ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ လေးဦးသတ်ဖြတ်ခံရ

နွားထိုးကြီး၊ အောက်တိုဘာ ၃

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်ဆိုသူလေးဦး ယမန်နေ့ အောက်တိုဘာ ၂ ရက်၊ နေ့လည်ပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသ ခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသူလေးဦးသည် ဆူးရစ်ကုန်းကျေးရွာ၊ ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ ဦးမောင်တင်၊ ဦးတင်ရွှေ၊ ကိုကျော်မျိုးအောင်၊ ဦးရွှေကျီးတို့ဖြစ်ပြီး ယင်းတို့အား လုံးသည် ဦးရွှေကျီး၏ နေအိမ်ခြံဝန်းအတွင်း၌ ရှိနေချိန် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ လေးယောက်လုံး တစ်နေရာတည်းမှာ အသတ်ခံရတာ။ သေနတ်ဒဏ်ရာတွေ နဲ့ သေဆုံးနေတာ။ စစ်ကားနဲ့ စစ်သားတွေလာစစ်ဆေးတာတွေ့ရတယ်။ သူတို့က ကြံ့ခိုင်ရေးပါတီဝင် ဆိုတာဟုတ်တယ်။ ဘာကြောင့် သတ်တယ်ဆိုတာတော့ ဘယ်သိမလဲ။ အဆက်မပြတ် သေနတ်ပစ်ခတ်သံတွေကြားရတော့ ကိုယ်လည်းလန့်တောင်လန့်တယ်။” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဟု ယနေ့ခေတ်မီဒီယာအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း နွားထိုးကြီးမြို့နယ်၌ မိသားစုတစ်စု ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံရပြီး လေးဦးသေဆုံးခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ဖောင်းချဉ် (မြောက်)ကျေးရွာ၊ ရွာဝင်လမ်းတစ်နေရာ၌ ထန်းဇင်ကျေးရွာမှ အမျိုးသားသုံးဦး ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံခဲ့ရသေးသည်ဟု သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

နွားထိုးကြီး၌ ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ လေးဦးသတ်ဖြတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.