နျူကလီးယားပစ္စည်းများကို မှောင်ခိုယူဆောင်ရန်ကြိုးပမ်းခဲ့သော ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်ကို အမေရိကန် ထပ်မံစွဲချက်တင်မည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂

အမေရိကန်အာဏာပိုင်များသည် မြန်မာနိုင်ငံမှ နျူကလီးယားပစ္စည်းများကို မှောင်ခိုယူဆောင်ရန်ကြိုးပမ်းခဲ့သော ဂျပန် ယာကူဇာဂိုဏ်းခေါင်းဆောင် တာကာရှီ အီဘီဆာဝါကို စွဲချက်တင်လိုက်ကြောင်း အမေရိကန်တရားရေးဌာနက ပြောသည်။

ဂျပန်ယာကူဇာ ဂိုဏ်းခေါင်းဆောင်နှင့် ၎င်း၏လက်ထောက်တစ်ဦးဖြစ်သူ ဆွန်ဖို ဆင်ဟာစီရီတို့သည် မူးယစ်ဆေးဝါး၊ လက်နက်နှင့် နျူကလီးယားပစ္စည်းများကို မှောင်ခိုကုန်ကူးမှုများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ အကြီးအကဲဖြစ်သူ Anne Milgram က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်နှင့် လက်ထောက်ဖြစ်သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမေရိကန်တရားရေးဌာနက ပြောသည်။

ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်တစ်ဦးဖြစ်သောအီဘီဆာဝါသည် မြန်မာနိုင်ငံထံမှ မူးယစ်ဆေးဝါးနှင့် နျူကလီးယားထုတ်လုပ်ရာတွင်အသုံးပြုသော ပစ္စည်းများကို ရယူခဲ့ပြီး အပြန်အလှန်အနေဖြင့် မြန်မာလက်နက်ကိုင်အဖွဲ့များအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရောင်းချပေးသည်ဆိုသော စွပ်စွဲချက်များလည်း ရင်ဆိုင်နေရကြောင်း အမေရိကန်ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မက်သရူး အိုလ်ဆန်က ပြောသည်။

အဆိုပါ ယာကူဇာဂိုဏ်း ခေါင်းဆောင်သည် နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရန် အီရန်နိုင်ငံအတွက် ပလူတိုနီယံများနှင့် ယူရေနီယံများကို မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ဂျပန်ယာကူဇာ ဂိုဏ်းခေါင်းဆောင်နှင့် တပည့်ဖြစ်သူတို့သည် ၂၀၂၂ ခုနှစ်တွင် လက်နက်မှုအပြင် မူးယစ်ဆေးဝါးမှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရပြီး၊ လက်ရှိအချိန်တွင် စွဲချက်အသစ်များ အစားထိုးစွဲဆိုခံရဖွယ်ရှိနေကြောင်း သိရသည်။

အမေရိကန်အာဏာပိုင်များက ၎င်းတို့သည် အီဘီဆာဝါကို Brooklyn အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနှင့် အမေရိကန်နိုင်ငံတို့တွင် မှောင်ခိုလုပ်ငန်းများကို အခြေပြုလှုပ်ရှားခဲ့သူဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

usnews.com/news

နျူကလီးယားပစ္စည်းများကို မှောင်ခိုယူဆောင်ရန်ကြိုးပမ်းခဲ့သော ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်ကို အမေရိကန် ထပ်မံစွဲချက်တင်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.