ရန်ကုန်၊ မတ် ၁၀
ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်တိုးလာနိုင်သည့်အတွက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အထူးသတိထားရန် မိုးလေဝသပညာရှင်ဦးဝင်းနိုင်က အသိပေးထားသည်။
မတ် ၁၅ ရက်နောက်ပိုင်းတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် နေ့အပူချိန်များတက်လာနိုင်ပြီး၊ အမြင့်ဆုံးအပူချိန်က ၄၀°C အထက်(ခရမ်းရောင်)ဖြစ်လာနိုင်ကြောင်း ၎င်း၏လူမှုကွန်ရက်တွင် သတိပေးရေးသားထားသည်။
“ အခုတောင် ရာသီဥတုက တော်တော်ပူတာ။ မခံစားနိုင်ဘူး။ ဆီးချိုသမားဆိုတော့ ရာသီဥတုကပူလာရင် အဆင်မပြေတော့ဘူး။ သတိထားနေရတယ်။ အရိပ်ရတယ့်နေရာ၊ အေးတယ့်နေရာလေးမှာ လိုက်နေရတယ်။” ဟု တောင်ဥက္ကလာပမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အပူဒဏ်(Heat Stroke)ကြောင့် အသက်ဆုံးရှုံးရသည်အထိ ဖြစ်လာနိုင်သည့်အတွက် အပူပြင်းလာနိုင်မည့်ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အထူးသတိထားကြစေလိုကြောင်း အသိပေးထားသည်။
ဧပြီလသည် အပူဆုံးလဖြစ်ပြီး၊ နေရာတချို့တွင် အပူချိန် ၄၀ ကျော်ဖြစ်လာနိုင်သည်ဟု သတိပေးဖော်ပြထားပြီးဖြစ်ကြောင်း၊ ယခုသည် ဆောင်းအကုန်နွေအကူး ရာသီပြောင်းကာစ ကာလဖြစ်သည့်အတွက် ညအအေးဓါတ်သည် နေ့အပူချိန်ကို မသိမသာလျော့ကျအောင် လုပ်နိုင်နေဆဲဖြစ်ကြောင်း သိရသည်။
စုစု
ဓာတ်ပုံ – ဦးဝင်းနိုင်
နေ့အပူချိန်တိုးလာနိုင်သည့်အတွက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အထူးသတိထားရန်လို ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်