ရန်ကုန်၊ ဒီဇင်ဘာ ၆
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများကို အမေရိကန်ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်း UNOCHA မှ သိရ သည်။
လတ်တလော တိုက်ပွဲများအရှိန်မြင့်လာခြင်းနှင့် နေရပ်စွန်ခွာရသူများ ရုတ်တရက်တိုးလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်အတွက် အရေးပေါ် ကယ်ဆယ်ရေးဗဟိုရန်ပုံငွေ CERF မှ လျင်မြန်စွာတုံ့ပြန်ရေးရန်ပုံငွေ ဒေါ်လာ ၇ သန်းကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ စစ်ရှောင်တွေအတွက် လိုအပ်ချက်တွေက အများကြီးပဲ။ ဆေးဝါး၊ ရိက္ခာ၊ စောင်၊ အနွေးထည်တွေလိုတယ်။ နောက်ပြီး စစ်ရှောင်အတွက် သောက်သုံးရေလိုတယ်။ သူတို့ အဖွဲ့ အစည်းတွေ လာကူညီရင် ပိုအဆင်ပြေမှာပေါ့။ အခုက ပြည်တွင်းအလှူရှင်တွေကိုပဲ အားကိုးနေရတယ်။” ဟု မူဆယ်မြို့ရှိ စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ဒေခံတစ်ဦးက ပြောသည်။
တိုက်ပွဲများအရှိန်အဟုန်မမြင့်မီကပင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နေရပ်စွန့်ခွာရသူများ ၂ သန်းကျော်ရှိပြီး၊ အောက်တိုဘာလ ၂၇ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန် မာနိုင်ငံရှိ ဒေသအနှံ့အပြားတို့တွင် နေရပ်စွန်သူ ၅ သိန်းကျော် ထပ်မံတိုးလာကြောင်း သိရသည်။
တစ်နိုင်ငံလုံးရှိ ဒေသအနှံ့အပြားတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အဓိကလမ်းမကြီးများကို ပိတ်ထားသဖြင့် နေရပ်စွန့်ခွာရသူများကို လူသားချင်းဆိုင်ရာ အကူအညီများ ပေးအပ်ရန် ခက်ခဲနေကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
နေရပ်စွန့်ခွာရသူများကို ကုလမှ ကန်ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်