ရန်ကုန်၊ အောက်တိုဘာ ၁၉
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာရှိ ကုန်ထုတ်အကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသူ အကျဉ်းသားခုနစ်ဦးအား ယနေ့နံနက်အထိ ပြန်လည်၍ ဖမ်းဆီးရမိ ခြင်းမရှိသေးကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အောက်တိုဘာ ၁၇ ရက်၊ ညနေ ၅ နာရီက တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာရှိ ကင်းသာ ၂ ကုန်ထုတ်အကျဉ်းစခန်းမှ အသက် ၂၀ မှ ၃၅ နှစ်ဝန်းကျင်ရှိသော နိုင်လင်း၊ သန်းထိုက် အောင်၊ ရဲမင်းဦး၊ နေထက်အောင်၊ အောင်ဆန်းဦး၊ ကျော်ကျော်သက်နှင့် အောင်နိုင်စိုး တို့ခုနစ်ဦးမှာ စခန်းမှထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
“ ဘယ်လိုမျိုး ထွက်ပြေးလွတ်မြောက်သွားတယ်တော့ မသိရသေးဘူး။ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။ ဒီမနက်အထိတော့ ဖမ်းမမိသေးဘူး။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသူ ခုနစ်ဦးမှာ လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်မှုနှင့် သစ်တောဥပဒေတို့ဖြင့် ထောင်ဒဏ်ကျခံနေရသူများဖြစ်ပြီး ထွက်ပြေးသွားချိန်တွင် နှစ်ရှည်ထောင်ဒဏ် များ ကျခံရန်ကျန်ရှိသူများပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်ကလည်း ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသားငါးဦးကို ထောင်ပြင်ပရှိ ဇီးကျကျေးရွာအနီး မြေသန့်ရှင်းရေးလုပ်ကိုင်ရန် ခေါ်ဆောင်လာစဉ် ၎င်းတို့ငါးဦးက ထောင်ဝန်ထမ်းနှစ်ဦးအား သတ်ဖြတ်၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် အချုပ်ခန်းများမှ အကျဉ်းသားများ၊ အချုပ်သားများထွက်ပြေးမှု မကြာခဏဖြစ်ပွားခဲ့ကာ အချို့ဖြစ်စဉ်များတွင် ပြန်လည် ဖမ်းဆီးရမိသူများရှိသကဲ့သို့ လက်ရှိအချိန်အထိ ပြန်လည်ဖမ်းဆီးရမိမှုမရှိသည့် ဖြစ်စဉ်များလည်းရှိကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
မောင်ဇော်
ဓာတ်ပုံ – အင်တာနက်
နေပြည်တော်ရှိ အကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသူ ခုနစ်ဦးအား ဖမ်းမမိသေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်