ရန်ကုန်၊ မေ ၂
အင်အားပြင်းငလျင်ကြောင့် နေပြည်တော်တွင်ပြိုကျခဲ့သည့် ရုံးဌာနအဆောက်အဦများကို မူလကုမ္ပဏီများက ပြန်ဆောက်ပေးရမည်ဖြစ်ကြောင်း အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။
ဧပြီ ၂၉ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် အဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ မူလတည်ဆောက်ခဲ့တဲ့သူတွေကပဲ ပြန်ပြီးဆောက်ပေးရမှာ။ အကုန်နီးပါး ပြိုကျပျက်စီးသွားတာ။ ပြီးတော့ နေ ပြည်တော်က ငလျင်ကြောပေါ်ရောက်နေတော့ လှုပ်တဲ့အချိန်ပိုဆိုးသွားတာပေါ့။ အဲဒီလုပ်ငန်းရှင်တွေကို ပြန်ပြီးဆက်သွယ်ခိုင်းထားတယ်။ တချို့ကတော့ ပြန်ဆက်သွယ်ပါပြီ။ အဲဒီကုမ္ပဏီက ပြန်မဆောက်ဘူးဆိုရင်တော့ ပြန်လျော်ပေးရမယ်။” ဟု အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီတွင်ပါဝင်သည့် အရာရှိတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ဧပြီလတွင် နေပြည်တော်တည်ဆောက်ရေးလုပ်ငန်း၏ အထူးဖွံ့ဖြိုးရေးစီမံကိန်း၌ ပါဝင်ဆောင်ရွက်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာသို့ဆက်သွယ်အကြောင်းကြားရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
နေပြည်တော်ကိုဆောက်လုပ်ခဲ့ကြသည့် ကုမ္ပဏီများတွင် ဦးတေဇပိုင် ထူး၊ ဦးချစ်ခိုင်၏ အေဒင်၊ လောစစ်ဟန်၊ ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ်၊ ဦးဇော်ဇော်၏ မက်စ်မြန်မာ၊ ဦးနေအောင်၏ IGE ၊ ဦးရွှေမန်းသားများဖြစ်သည့် တိုးနိုင်မန်းနှင့် အောင်သက်မန်းတို့၏ ဧရာရွှေဝါ၊ ဦးတင့်ဆန်းပိုင်သည့် ACE ၊ ဦးရန်ဝင်း၏ A1၊ ဦးသားဌေး၏ OREGINAL GROUP အပါအဝင် WHK ၊ TZTM ၊ တက်လမ်း၊ မဟာရဲတံခွန်၊ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီ၊ အောင်ကောင်းကျော်၊ ရွှေဘုရင် စသည့်ကုမ္ပဏီများပါဝင်ကြောင်း သိရသည်။
အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ အပျက်အစီးများခဲ့ပြီး အတွင်းဝန်အဆင့် အရာရှိများအပါအဝင် ဝန်ထမ်းများစွာသေဆုံးခဲ့ကြောင်း စုံစမ်းမေးမြန်းချက်များအရ သိရသည်။
#စုစု
ဓာတ်ပုံ- စုစု
#ယနေ့ခေတ်
နေပြည်တော်တွင်ပြိုကျခဲ့သည့် ရုံးဌာနအဆောက်အဦများကို မူလကုမ္ပဏီများက ပြန်ဆောက်ပေးရမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်