နေပြည်တော်တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ သက်ဆိုင်ရာသို့ ပြန်လည်ဆက်သွယ်ရမည်

ရန်ကုန်၊ ဧပြီ ၂၆

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီမှ နေပြည်တော်ကိုတည်ဆောက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် ပြန်လည်ဆက်သွယ်ရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးထုတ်ပြန်ထားသည်။

နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင်ပါဝင်သည့် ရုံး/ဌာနအဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက် အဦများအပါအဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင်ပါဝင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်လူပုဂ္ဂိုလ်ထံဆက်သွယ်ရမည်ဖြစ်သည်။

“ထိုင်းမှာတော့ ငလျင်ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးတဲ့ အဆောက်အဦတွေနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်။ ဒီမှာကလည်း အပျက်အစီးကများတော့ အရေးယူတာမဟုတ်တောင် ပြန်ညှိနှိုင်းတာ၊ စိစစ်တာတွေတော့လုပ်မယ်လို့ ယူဆရတယ်။” ဟု မြို့ပြအင်ဂျင်နီယာတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။

“ အခုက နေပြည်တော်ကို ပြန်တည်ဆောက်ဖို့ လုပ်နေတာ။ အကုန်လုံးနီးပါးပျက်စီးသွားတော့ အသစ်ပြန်ဆောက်ရမှာ။ ဝန်ကြီးဌာနအဆောက်အဦတွေရော ဝန်ထမ်းအိမ်ရာတွေရော အကုန်ပြိုကျပျက်စီးကုန်တာ။ ရုံးထိုင်လို့မရတော့ဘူး” ဟု တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၄၂,၀၀၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး၊ စာသင်ကျောင်းပေါင်း ၂၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ- MOI (နေပြည်တော် ကုတင် ၃၀၀ ဆေးရုံ)

#ယနေ့ခေတ်

နေပြည်တော်တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ သက်ဆိုင်ရာသို့ ပြန်လည်ဆက်သွယ်ရမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.