နီပေါ၊ နိုဝင်ဘာ ၄
နီပေါနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနေပြီး လူပေါင်း ၁၃၂ ဦး သေဆုံးခဲ့ကြောင်း နီပေါအစိုးရ တာဝန်ရှိသူများက ပြောသည်။
နီပေါနိုင်ငံ၊ ဂျာဂျာကော့မြို့တွင် အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ အဆောက်အဦးများပြိုကျခဲ့ပြီး ဒေသခံအများအပြား အခက်ခဲဖြစ်ခဲ့ရကြောင်း သိရသည်။
အဆိုပါမြို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ပြင်းအားနှင့် ပတ်သက်ပြီးခန့်မှန်းမှု အ မျိုးမျိုးဖြစ်နေပြီး ငလျင်ကပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူအဆင့်ရှိကြောင်း နီပေါအာဏာပိုင်များက ပြောသော်လည်း ဂျာမနီ ဘူမီဗေဒဌာနက ငလျင်သည်ပြင်းအား ၅ ဒသမ ၇ မဂ္ဂနီကျူအဆင့်သာရှိကြောင်း ဖော်ပြထားသည်။
နီပေါနိုင်ငံ အနောက်မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သောငလျင်သည် နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း လှုပ်ခတ်ခဲ့သော ငလျင်များထဲတွင် လူသေဆုံးမှုအများဆုံး ငလျင်ဖြစ်ခဲ့ ကြောင်း သိရသည်။
ဂျာဂျာကော့မြို့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ရှာမာက “ ဒဏ်ရာရသူအရေအတွက်ဟာ ရာနဲ့ချီမြင့်တက်လာနိုင်ဖွယ်ရှိတယ်။ သေဆုံးသူအရေအတွက်လည်း မြင့်တက်လာဖွယ် ရှိနေပါတယ်။ အိမ်တွေများစွာ ပြိုကျပျက်စီးခဲ့တယ်။ အပျက်စီးတွေအများကြီးဖြစ်ခဲ့တယ်။ ဒေသခံတွေဟာ ငလျင်ကြောင့် အိမ်တွေပြိုကျခဲ့တဲ့အတွက် တစ်ညလုံး အအေးထဲ နေထိုင်ခဲ့ရတယ်။ ဒေသခံတွေဟာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အိမ်ထဲကိုပြန်ဝင်ဖို့ စိုးရိမ်တာတွေလည်းရှိခဲ့တယ်။” ဟု ပြောသည်။
ငလျင်ကြောင့် ဆက်သွယ်ရေးတာဝါတိုင်များလည်း ပျက်စီးသွားခဲ့ရာ အဆက်အသွယ်မရသည့်အတွက် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်ဟု နီပေါအာဏာ ပိုင်များက ခန့်မှန်းနေသည်။
နီပေါရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Kuber Kadayat က “ ငလျင်အပျက်စီးတွေထဲ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ်တွေကို စေလွှတ်ခဲ့တယ်။ အပျက်စီးတွေကြားကနေ ဒဏ်ရာရသူတွေကို ကယ်ထုတ်နိုင်ဖို့ လုံခြုံရေးအဖွဲ့တွေကို စေလွှတ်ထားတယ်။” ဟု ပြောသည်။
နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူမြင့်တက်လာပြီး ၁၃၂ ဦးအထိရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်