နိုဝင်ဘာလတွင် ပြည်ပဆန်တင်ပို့မှုမှ ဝင်ငွေအများဆုံးရရှိခဲ့ ဟုဆို

န်ကုန်၊ ဒီဇင်ဘာ ၅

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ၁၁ လတာကာလအတွင်း ၇၅၀,၀၀၀ တန်ကျော် တင်ပို့ထားပြီး အဆိုပါကာလအတွင်း နိုဝင်ဘာလ၌ အများဆုံးတင်ပို့နိုင်ခဲ့ကာ ပို့ကုန်ဝင်ငွေ အများဆုံးရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

နိုဝင်ဘာလတွင် ဆန်တန်ချိန် ၁၇၅,၉၉၀ တန် တင်ပို့ထားမှုမှ ကန်ဒေါ်လာသန်း ၉၀ ရရှိထားပြီး၊ အောက်တိုဘာလတွင် ပြည်ပသို့ ဆန်တန်ချိန် ၁၁၉,၅၂၆ တန် တင်ပို့ထားမှာမှ ကန် ဒေါ်လာ ၆၃ သန်းရရှိထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလတွင် ဆန်တန်ချိန် ၈၄၇၇၃ တန် တင်ပို့ထားပြီး၊ ကန်ဒေါ်လာ ၄၂ သန်း၊ ဩဂုတ်လတွင် ဆန်တန်ချိန် ၅၉,၉၇၁ တန် တင်ပို့ထားပြီး၊ ကန်ဒေါ်လာ ၂၈ သန်း၊ ဇူလိုင်လတွင် ဆန်တန်ချိန် ၅၈,၃၃၃ တန် တင်ပို့ထားမှုမှ ကန်ဒေါ်လာ ၂၆ သန်း၊ ဇွန်လတွင် ဆန်တန်ချိန် ၆၂,၇၂၅ တန် တင်ပို့မှုမှ ကန်ဒေါ်လာ ၂၈ သန်း၊ မေလတွင် ဆန်တန်ချိန် ၁၁၀၇၀၆ တန် တင်ပို့မှုမှ ကန်ဒေါ်လာ ၄၈ သန်း၊ ဧပြီလတွင် ဆန်တန်ချိန် ၈၇,၆၄၈ တန် တင်ပို့မှုမှ ကန်ဒေါ်လာ ၃၆ သန်းရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

“ အခုကတော့ နယ်စပ်လမ်းကြောင်းကနေ ဆန်တင်ပို့မှုကတော့ မရှိတော့ဘူး။ ပင်လယ်ရေကြောင်းကနေ တချို့ကုန်သည်တွေက ပြောင်းပြီးတင်ပို့ကြတယ်။ နယ်စပ်ကတော့ တိုက်ပွဲတွေမဖြစ်ခင်ကတည်းက ပို့ကုန်ဝင်ငွေ ၅၀/၅၀ ကြောင့် သိပ်မပို့ကြတော့ဘူး။ အခုဆိုပိုဆိုးပေါ့။” ဟု နယ်စပ်ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၇၅၉,၆၇၃ တန်တင်ပို့ခဲ့ပြီး၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၆၁ သန်းရရှိထားကြောင်း သိရသည်။

ထို့ပြင် ပြည်ပသို့ ဆန်တင်ပို့ရန် လိုင်စင်လျှောက်ထားရာတွင်လည်း ယခင်က ၁၀၀ ရာခိုင်နှုန်း ဆန်လက်ဝယ်ရှိမှသာ ပြည်ပတင်ပို့ခွင့် လိုင်စင်ထုတ်ပေးမည်ဖြစ်သည်ဟု အသိပေး ထုတ်ပြန်ထားပြီး၊ ယခုအခါ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေးထုတ်ပြန်ထားသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

နိုဝင်ဘာလတွင် ပြည်ပဆန်တင်ပို့မှုမှ ဝင်ငွေအများဆုံးရရှိခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.