နိုင်ငံအတွင်းမှခွဲထွက်မည့် ကြိုးပမ်းမှုတိုင်းကို တားဆီးရပ်တန့်နိုင်ရန် လုပ်ပိုင်ခွင့်နှင့်အင်အားသုံးမည်ဟု ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ သတိပေး

မနီလာ၊ ဖေဖော်ဝါရီ ၅

ဖိလစ်ပိုင်နိုင်ငံမှခွဲထွက်ကာ လွတ်လပ်သောနိုင်ငံတည်ထောင်မည့် ကြိုးပမ်းမှုတိုင်းကို ရပ်တန့်နိုင်ရန် အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး၏ပြောဆိုချက်များနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ မင်ဒါနာအိုပြည်နယ်ကို ဖိလစ်ပိုင်နိုင်ငံပိုင်နက်အတွင်းက ခွဲထွက်သွားမည်ဟု ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ပြီးနောက် အငြင်းပွားမှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ အီဒေါအို အေနိုက “ နိုင်ငံကိုအပိုင်းပိုင်းဖြစ်အောင် ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့ အင်အားသုံးဖြေရှင်းတာတွေ၊ လုပ်ပိုင်ခွင့်တွေအတိုင်း လုပ်ဆောင်တာတွေကို တွန့်ဆုတ်နေမှာမဟုတ်ဘူး။” ဟု ဆိုသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမည့်အစီအစဉ် အောင်မြင်မည်ဆိုလျှင် မင်ဒါနာအိုပြည်နယ်ကို လွတ်လပ်သောနိုင်ငံအဖြစ် တည် ထောင်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် ပြောဆိုခြင်းများရှိလာခဲ့ပြီးနောက် အငြင်းပွားမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပါဝင်နေသော စီးပွားရေးနှင့်သက်ဆိုင်သည့်အပိုဒ်ကို စိုးရိမ်မိကြောင်း၊ ကန့်သတ်ချက်များကို ပြောင်းလဲနိုင်ရန် ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို တံခါးဖွင့်ထားရမည်ဖြစ်ကြောင်း ပြောသည်။

သို့သော်လည်း ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက မာကိုစ့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို တွန်းအားပေးလုပ်ဆောင်လာမည်ဆိုလျှင် ဖြုတ်ချခံရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဖာဒီနန်မာကိုစ့် ဂျူနီယာသည် လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် မဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကိုထည့်သွင်းပြောဆိုလာခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

bnnbloomberg.ca

နိုင်ငံအတွင်းမှခွဲထွက်မည့် ကြိုးပမ်းမှုတိုင်းကို တားဆီးရပ်တန့်နိုင်ရန် လုပ်ပိုင်ခွင့်နှင့်အင်အားသုံးမည်ဟု ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.