နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပျမ်းမျှတစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပျမ်းမျှတစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ သိရသည်။

အဆိုပါကာလနောက်ပိုင်း ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုအချို့ ထွက်ခွာသွားသလို ရင်းနှီးမြှုပ်နှံမှုသည်လည်း အနည်းငယ်သာဝင်ရောက်မှုရှိကြောင်း သိရသည်။

“ ရင်းနှီးမြှုပ်နှံမှုက ၂၀၂၁ နောက်ပိုင်း လုံးဝကိုမရှိသလောက်ဖြစ်သွားတာ။ လာတော့လည်း အသေးအဖွဲတွေလောက်ပဲ။ ပြည်ပထက် ပြည်တွင်းရင်းနှီးမြုပ်နှံမှုက ပိုများလာတယ်။ သူတို့ကလည်း ပြည်တွင်းအခြေအနေကို ကြည့်တာဆိုတော့ အပြစ်ပြောလို့တော့မရဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုက ၇၀ ရာခိုင်နှုန်းလောက်လျော့သွားတာပေါ့။” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လအတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူူရေးနှင့် ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ် ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသည့်ကဏ္ဍ ၇ ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၅၆ ဒသမ ၁၅၁ သန်းသာ ဝင်ရောက်ထားကြောင်း သိရသည်။

သို့သော် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် လူသားအရင်းအမြစ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံဝင်ရောက်မှုသည် ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏသည် အမေရိကန်ဒေါ်လာ ၄၈၈၀ သန်းကျော်ရှိသည့်အတွက် လက်ရှိရရှိနေသည့် ရင်းနှီးမြှုပ်နှံမှုသည် ကျဆင်းသည့်အနေအထားဖြစ်နေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – textiledirectory

#ယနေ့ခေတ်

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပျမ်းမျှတစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.