ရန်ကုန်၊ ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့်ခြင်းအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီး ယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်သည်။
မြန်မာပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ပျက်စီးစေခြင်းအပါအဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် မြန်မာစစ်အာဏာရှင်အား မိမိတို့အလေးအနက် တိုက်တွန်းပါသည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင်ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်များသည် အာဏာသိမ်းပြီးသည့်အချိန်ကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့ပါသည်။ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ သို့မဟုတ် ၁၉.၉ သန်းကျော်သည် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့များကို လိုအပ်လျက်ရှိကြသည်။ ခန့်မှန်းခြေ ၁၅.၂ သန်းမျှသောပြည်သူများမှာ စားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်လျက်ရှိကာ တားဆီးနိုင်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာလည်း တိုးမြင့်လျက်ရှိသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပိုမိုများပြားလာသော လိုအပ်ချက်များနှင့် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသော ပြည်သူအရေအတွက်မှာ ယမန်နှစ်ကထက် ၁ သန်းနီးပါးတိုးမြင့်လာရာ စုစုပေါင်း ၃.၅ သန်းကျော် ရှိနေပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်တိမ်းရှောင်ထွက်ပြေးခဲ့ရသည့် ပြည်သူအမြောက်အများလည်းရှိပါသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း၊ ငွေကြေးလိမ်လည်သည့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများအပါအဝင် တိုးမြင့်လာသော နိုင်ငံဖြတ်ကျော်မှုခင်းများကြောင့် မြန်မာပြည်သူအများအပြား ထိခိုက်နစ်နာနေရပြီး အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုရှိစေကာ ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
မြန်မာနိုင်ငံအရေးကိစ္စကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံအဖွဲ့အစည်း၏ ပဓာနကျသည့် အခန်းကဏ္ဍနှင့် ဘုံသဘောတူညီချက် ၅ ရပ်အပေါ် မိမိတို့၏ အားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုလိုပါသည်။ အာဆီယံနှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မိမိတို့နွေးထွေးစွာကြိုဆိုပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ခြင်းအား ဆက်လက်အားပေးထောက်ခံသွားရန် နိုင်ငံတကာအသိုက်အဝန်းကို မိမိတို့တောင်းဆိုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ယနေ့ခေတ်
ဓာတ်ပုံ- EU
နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဥရောပသမဂ္ဂနှင့် မဟာမိတ် ၈ နိုင်ငံတို့ ကြေညာချက်ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်