ရန်ကုန်၊ နိုဝင်ဘာ ၂၀
နိုင်ငံပိုင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ခုအတွက် MSME ချေးငွေထုတ်ချေးပေးမည်ဟု သတင်းထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ ချေးယူ၍မရသေးကြောင်း MSME လုပ်ငန်းရှင်များ၏ပြောပြချက်အရ သိရသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရမှ ငွေကျပ် ၁၅၀ ဘီလီယံမတည်ပြီး သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများအား Participating Financial Institutions (PFI) ဘဏ်များမှတဆင့် ထုတ်ချေးပေးသွားရန် စီစဉ်ထားခြင်းဖြစ်သည်။
“ သူတို့ပြောတဲ့ဘဏ်တွေမှာ သွားလျှောက်တာ လျှောက်လို့မရသေးဘူးပဲပြောတယ်။ ဘာလို့မရသေးတာလဲမေးတော့လည်း တိတိကျကျမပြောဘူး။ ကိုယ်တွေလို MSME သမားတွေက ချေးငွေရမှ လုပ်ငန်းကအဆင်ပြေမှာ။ ကုန်ကြမ်းရှိပြီး ငွေမလိုက်နိုင်လို့ လုပ်ငန်းကသိပ်မတွင်ဘူး။” ဟု MSME လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရန်ပုံငွေမှထုတ်ချေးသည့် ချေးငွေကို ကမ္ဘာ့ရတနာ၊ ရွှေဖွံ့ဖြိုးတိုးတက်ရေး၊ ပထမပုဂ္ဂလိက၊ ကမ္ဘောဇ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေး၊ မြန်မာ့အရှေ့တိုင်း၊ မြန်မာ့ခရီးသွား၊ မြန်မာနိုင်ငံသားများ၊ သမဝါယမ၊ မြန်မာ့ရှေ့ဆောင်၊ မြန်မာမက်ထရို၊ ဧရာဝတီ၊ သတ္တုဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေး စသည့်ဘဏ်များတွင် ရယူနိုင်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – imyanmarhouse.com
#ယနေ့ခေတ်
နိုင်ငံပိုင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ခုတွင် MSME ချေးငွေမရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်