တဲလ်ရန်၊ ဇန်နဝါရီ ၃၁
ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး Amir Saeid Iravani က အီရန်နိုင်ငံအနေဖြင့် ၎င်း၏ပိုင်နက်၊ နိုင်ငံအကျိုးစီးပွားနှင့် နိုင်ငံပြင်ပရှိ အီရန်နိုင်ငံသားများကို တိုက်ခိုက်လာမည်ဆိုလျှင် လျင်မြန်စွာတုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရန်ကျောထောက်နောက်ခံပြုပေးနေသည့် လက်နက်ကိုင်အဖွဲ့စည်းများကို တုံ့ပြန်ရန်ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပြီးနောက် ထိုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
အစ္စရေးသည် ဂါဇာစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၎င်းနိုင်ငံအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော ဆီးရီးယားနိုင်ငံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်လက်နက်ကိုင်အဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့စည်းများသည် အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန် မြင့်တက်လာနေကြောင်း သိရသည်။
ဂါဇာစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံထံမှ အကူညီရရှိနေသော လက်နက်ကိုင်အဖွဲ့စည်းများ၏ အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှုက အကြိမ်ပေါင်း ၁၅၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းက ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်များသေဆုံးခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။
အီရန်အစိုးရက ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုသည် ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း ပြောသည်။ သို့သော်လည်း အမေရိကန်အစိုးရက ၎င်းတို့တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရရန် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့စည်းများကို စစ်လက်နက်ပစ္စည်းများကူညီပေးနေသည့် အီရန်နိုင်ငံတွင် တာဝန်အရှိဆုံးဖြစ်ကြောင်းဝေဖန်ပြစ်တင်ထားသည်။
ကောင်းထက်ငွေ
alarabiya.net/News
နိုင်ငံပိုင်နက်၊ အကျိုးစီးပွားနှင့် အီရန်နိုင်ငံသားများကို တိုက်ခိုက်လာမည်ဆိုပါက လျင်မြန်စွာတုံပြန်မည်ဟု အီရန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်