ရန်ကုန်၊ မတ် ၃၁
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အနည်းဆုံးလူ ၁၇၀၀ သေဆုံးခဲ့ရပြီးနောက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် နစက အစိုးရကသတ်မှတ်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးအနီးတွင် သောကြာနေ့မွန်းလွဲပိုင်းက ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် မတ် ၃၀ ရက်မှ ဧပြီ ၆ ရက်အထိ တစ်ပတ်တာကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း သတင်းထုတ်ပြန်သည်။
ငလျင်ကြောင့် အဆောက်အအုံများပြိုကျခြင်း၊ တံတားများပြိုကျခြင်းနှင့် ပိတ်ဆို့ထားသောလမ်းများပြိုကျခဲ့ပြီး နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့တို့တွင် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်။
လက်ရှိအချိန်အထိ လူပေါင်း ၁၇၀၀ ခန့်သေဆုံးပြီး ၃,၄၀၀ ခန့် ဒဏ်ရာရရှိကာ ၃၀၀ ခန့်ပျောက်ဆုံးနေသည်ဟု နစက အစိုးရက တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည်။
သို့သော် နယ်မြေအများအပြားတွင် လျှပ်စစ်မီး၊ အင်တာနက်နှင့် ဖုန်းလိုင်များပြတ်တောက်နေခြင်းကြောင့် ဆက်သွယ်ရေးများခက်ခဲနေရာ ကပ်ဘေး၏ အတိုင်းအတာ အစစ်အမှန်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ သေဆုံးသူဦးရေ သိသိသာသာတိုးလာမည်ဟု ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်ပြောဆိုကြသည်။
နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတကာအကူအညီများရယူလိုကြောင်း မေတ္တာရပ်ခံချက်ကို သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ ယခင်စစ်အစိုးရများသည် ကြီးမားသော သဘာဝဘေးအန္တရာယ်များအပြီးတွင်ပင် နိုင်ငံခြားအကူအညီများကို ရှောင်ဖယ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဆေးဘက်ဆိုင်ရာကိရိယာများ ဆိုးရွားစွာပြတ်တောက်နေခြင်းသည် ငလျင်ဒဏ်ကိုရင်ဆိုင်ရာတွင် အဟန့်အတားဖြစ်စေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများက တနင်္လာနေ့တွင် ဒုက္ခသည်များအတွက် အရေးပေါ်ပန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လည်း ငလျင်ဘေးသည် အရေးကြီးသည့်အကျပ်အတည်းဖြစ်ကြောင်း ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ်တွင် ရွေးကောက်ပွဲအငြင်းပွားမှုကြောင့် ပြင်းထန်သောပြည်တွင်းစစ်ဖြစ်ပွားကာ လူပေါင်း ၃.၅ သန်းခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အများအပြားမှာ ငလျင်မလှုပ်မီကပင် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။
ကမ္ဘာတစ်ဝှမ်းရှိ အလှူရှင်နိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များ နေ့စဉ်ရောက်ရှိလာပြီး ထိုင်းစစ်တပ်မှ ဝန်ထမ်း ၅၅ ဦးနှင့် ကယ်ဆယ်ရေးခွေးခြောက်ကောင်၊ ကရိန်းနှင့် မြေတူးစက်များကို တနင်္ဂနွေနေ့က စေလွှတ်ခဲ့သည်။ ထို့အတူ အိန္ဒိယ၊ စင်ကာပူနှင့် တရုတ်နိုင်ငံတို့ကလည်း ကယ်ဆယ်ရေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်သားများ စေလွှတ်ခဲ့ကြ သည်။
#ယနေ့ခေတ်
ဓာတ်ပုံ- AFP
ပုံစာ- မန္တလေးမြို့ရှိ ပျက်စီးသွားသည့် ကွန်ဒိုမီနီယံတစ်ခု
နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်