ဝါရှင်တန်၊ မတ် ၃
အမေရိကန်အစိုးရကချီးမြှင့်သော နိုင်ငံတကာအမျိုးသမီးသတ္တိဆုရှင် စာရင်းတွင် မြန်မာနိုင်ငံသားတစ်ဦး ပါဝင်လာခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုရသူစာရင်းကို ပြီးခဲ့သောရက်ပိုင်းက တရားဝင်ကြေညာခဲ့ရာ မြန်မာအမျိုးသမီး ဒေါ်မဉ္ဇူဝင်းလည်း ဆုရရှိသူစာရင်းထဲမှာ ပါဝင်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာတဝှမ်းတွင် သူမတူသော ရဲစွမ်းသတ္တိရှိသူ၊ အားမန်ခိုင်မာသူ၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှမှုရှိစေရေးနှင့် အမျိုး သမီးအပြင် မိန်းကလေးငယ်များကို စိတ်ခွန်အားမြှင့်တင်စေရေး စသောအခန်းကဏ္ဍများတွင် ခေါင်းဆောင်မှုရှိသူများကို ရွေးချယ်ပြီး နှစ်စဉ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုရသူစာရင်းတွင် ဒေါ်မဉ္ဇူဝင်းအပြင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ဘောစနီးယားနှင့် ဟာဇီဂိုဗီးနား၊ ကျူးဘား၊ အီကွေဒေါ၊ ဂန်ဘီယာ၊ အီရန်၊ ဂျပန်၊ မော်ရိုကိုနှင့် ယူဂန်ဒါနိုင်ငံများမှ အမျိုးသမီးများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
၁၈ ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၄ ရက်တွင် သမ္မတအိမ်ဖြူတော်၌ ကျင်းပမည်ဖြစ်ပြီး၊ သမ္မတကတော် Jill Biden ဂျေးလ်ဘိုင်ဒန်နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်တို့ တက်ရောက်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်မဉ္ဇူဝင်းသည် ရှေ့နေဖြစ်ပြီး အကူအညီလိုအပ်နေသော အမျိုးသမီးများ၊ ကလေးငယ်များ၊၊ တိုင်းရင်းသားများ မသန်စွမ်းသူများနှင့် လိင်စိတ်ကွဲပြားသူများကို တရားရေးပိုင်းတွင် ကူညီပေးနေသူဖြစ်ကြောင်း သိရသည်။
ဒေါ်မဉ္ဇူဝင်းသည် နိုင်ငံတာဥပဒေဖွံ့ဖြိုးရေးအဖွဲ့အစည်း IDLO တွင် ဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခမဲ့ရှေ့နေလိုက်ပေးခြင်းအပါအဝင် ပြည်သူအယောက် ၅၀၀ ကျော်အတွက် တရားရေးပိုင်းတွင် ကိုယ်တိုင်ကူညီပေးနေကြောင်း၊ ၎င်းသည် ၂၀၁၇ ခုနှစ်တွင် ဥပဒေအကူအညီပြုအဖွဲ့တခုကို တည်ထောင်ခဲ့ပြီး၊ ဥပဒေရေးရာကျောင်းသားများ အခမဲ့ကူညီ ရှေ့နေလိုက်ပေးနိုင်ရန်အတွက် သင်တန်ပေးခဲ့သူဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
အမေရိကန်အစိုးရသည် ၂၀၀၇ ခုနှစ်နောက်ပိုင်းကတည်းက နိုင်ငံပေါင်း ၉၀ မှ အမျိုးသမီးပေါင်း ၁၉၀ ကျော်ကို နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ထားကြောင်း သိရသည်။
ကောင်းထက်ငွေ
state.gov
နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် ဆုရွေးချယ်မှုတွင် မြန်မာအမျိုးသမီးရှေ့နေတစ်ဦး ပါဝင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်