တဲလ်အဗစ်၊ မေ ၂
အစ္စရေးအစိုးရ တာဝန်ရှိသူများကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပြန်မည်ဆိုလျှင် သမိုင်းတွင် ကြီးမားသောခက်ခဲရှုပ်ထွေးမှုများ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပြောသည်။
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ဖမ်းဝရမ်းထုတ်သွားဖွယ်ရှိနေကြောင်း NBC သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ထိုကဲ့သို့တုံ့ပြန်လာခြင်းဖြစ်သည်။
ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံက စစ်ရာဇဝတ်မှုများနှင့် လူအခွင့်ရေးချိုးဖောက်ခဲ့သည်ဆိုကာ တောင်အာဖရိကနိုင်ငံက သည်ဟိတ်မြို့ရှိ နိုင်ငံတကာရာဇဝတ်တ ရားရုံးတွင် တရားစွဲခဲ့ကြောင်း သိရသည်။
သို့သော်လည်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သည် အဆိုပါသတင်းဌာန၏ ဖော်ပြချက်နှင့်ပတ်သက်ပြီး အတည်ပြုခြင်းမရှိသလို ငြင်းဆန်ခြင်းလည်းမရှိကြောင်း သိရသည်။
NBC သတင်းဌာနက ဖမ်းဝရမ်းထုတ်ခံရမည့်သူများစာရင်းတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအပြင် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဘက်ထိပ်တန်းခေါင်းဆောင်များ ပါဝင်ဖွယ်ရှိနေသည်ဟု ဖော်ပြထားသည်။
အစ္စရေးအစိုးရ တာဝန်ရှိသူများသည် ဖမ်းဝရမ်းထုတ်ခံရမည်ကို စိုးရိမ်မှုများရှိနေပြီး၊ ဖမ်းဝရမ်းကိစ္စနှင့်ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်နေတန်ရာဟုက “ ICC တရားရုံးဟာ အစ္စရေးစစ်တပ်တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ကောင်းထုတ်လာနိုင်ပါတယ်။ အဲဒီလုပ်ရပ်က သမိုင်းဝင်ခက်ခဲရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်။ တရားရုံးဆုံးဖြတ်ချက်တွေဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ရည်မှန်းချက်တွေကို သက်ရောက်မှုရှိလာမှာမဟုတ်ဘူး။” ဟု ပြောသည်။
အစ္စရေးနိုင်ငံသည် ICC တရားရုံးအဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အတွက် တရားရုံးစီရင်ပိုင်ခွင့်မရှိကြောင်း သိရသည်။
ကောင်းထက်ငွေ
middleeastmonitor.com
နိုင်ငံတကာရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ဝေဖန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်