နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ ဥက္ကဌနေရာ အပြောင်းအလဲဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂၀

နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဌအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးအား ခန့်အပ်ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့စွဲဖြင့် နစကမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ယခင် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဌအဖြစ် တာဝန်ယူထားသူ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ နေရာတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား အပြောင်း အလဲပြုလုပ်ခဲ့ခြင်းဟု သိရသည်။

“ စစ်ဆေးခံနေရတယ်ဆိုတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာမှာ အပြောင်းအလဲပြုလုပ်လိုက်တာ ဖြစ်တယ် ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောကြားသည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီတွင် နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝင်းရှိန်၊ နစကဥက္ကဌ၏ အကြံပေး ပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေတို့က အဖွဲ့ဝင်အဖြစ် တာဝန်ယူမည်ဖြစ် ကာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါ ဝင်သည်။

အဆိုပါကော်မတီသည် ပြည်ပမှဝယ်ယူမည့် စက်ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများ၊ စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့်ပစ္စည်းများ ဝယ်ယူမှု များအတွက်သာမက ပြည်ပသို့သွားရောက်၍ ဆေးကုသမည့်သူများ၊ ပညာရေးနှင့် ဘာသာရေးတို့အတွက် ပြည်ပသို့သွားရောက်မည့်သူများအတွက် လိုအပ်သည့် နိုင်ငံခြားသုံး ငွေများအား စိစစ်ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကာ အခြားပေးအပ်သော တာဝန်များကိုလည်း ထမ်းဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့ပြင် ယခင်က အမိန့်အမှတ်ဖြင့် စာထုတ်ပြန်၍ ဖွဲ့စည်းထားသည့် ကော်မတီကိုလည်း ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နစက လက်ထက်၌ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းက နစကကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ဥက္ကဌအဖြစ် တာ ဝန်ပေးအပ်ကာ အဖွဲ့ဝင်များဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီအား ယခုနှစ် ဇူလိုင်လအတွင်းက ဒုတိယအကြိမ်မြောက် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုပင် ဥက္ကဌအဖြစ် တာဝန်ပေးအပ်၍ အဖွဲ့ဝင်များအား အပြောင်းအလဲပြုလုပ်ကာ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

အဆိုပါကော်မတီအား ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နှစ်လဝန်းကျင်အကြာမှာပင် ဥက္ကဌရာထူးအား အပြောင်းအလဲပြုလုပ်ကာ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါကော်မတီ၏ ဥက္ကဌတာဝန်အား ထမ်းဆောင်ခဲ့သူ စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ယခင်အစိုးရလက်ထက်က စစ်ဦးစီး အရာရှိချုပ်(ကြည်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက နစက အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသူဖြစ်ကာ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ၏ ဥက္ကဌအဖြစ်ပါ တာဝန်ယူရသူလည်း ဖြစ်သည်။

၎င်းသည် ယခုရက်ပိုင်းအတွင်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကိစ္စများဖြင့် အစစ်ဆေးခံနေရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိနေစဉ် ဥက္ကဌရာထူးနေရာ အပြောင်းအလဲပြုလုပ် ခံရခြင်းဟုလည်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား စစ်ဆေးနေကြောင်း ပြင်ပတွင် သတင်းများထွက်ပေါ်လျက် ရှိနေသော်လည်း နစကမှ ယနေ့ ညနေအထိ အတည်ပြုပြောဆိုခြင်း မရှိသေးပေ။

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီဥက္ကဌအဖြစ် ယခု တာဝန်ထမ်းဆောင်မည့် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ ယခင်အစိုးရလက်ထက်က ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံရသူဖြစ်သည်။

ထိုမှ ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ထပ်မံ၍ ပြောင်းလဲခန့်အပ်ခံရသူလည်း ဖြစ်သည်။

မောင်ဇော်

ဓါတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပုံစာ- ဗိုလ်ချုပ်ကြီး မြထွန်းဦး

နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ ဥက္ကဌနေရာ အပြောင်းအလဲဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.