ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉
ပြည်တွင်းသို့လာရောက်မည့် နိုင်ငံခြားသားခရီးသည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် အခြားသောကျန်းမာရေးကိစ္စ ဖြစ်ပေါ်ပါက မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
၎င်းတို့အနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရမည်ဖြစ်ပြီး၊ လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ ပြည်တွင်းကိုလာရောက်တဲ့ ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာကျန်းမာရေးအရာရှိတွေရဲ့ ဆေးစစ်ချက်တွေကို ခံယူရမှာဖြစ်ပါတယ်။ အခု အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကလည်း ပြန်ဖြစ်နေတာဆိုတော့လေ။ သူတို့ရဲ့ထုတ်ပြန်ချက်ကို တိတိကျကျလိုက်နာဖို့လိုတယ်။ ခရီးသွားကုမ္ပဏီတွေကိုလည်း အကြောင်းကြားထားတာရှိပါတယ်။” ဟု ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာဝင်/ထွက်ဂိတ်တွင် ကျန်းမာရေးအရာရှိများကဆောင်ရွက်သော ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သောကျန်းမာရစစ်ဆေးချက်တို့ကို ခံယူရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားခရီးသည်များအနေဖြင့် မြန်မာနိုင်ငံအတွင်းနေထိုင်စဉ် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ(ကိုဗစ်-၁၉) ရောဂါအပါအဝင် ဖြစ်ပေါ်လာပါက ကုန်ကျစရိတ်များအား မိမိစရိတ်ဖြင့်ကျခံရမည်ဖြစ်ပြီး ကျန်းမာရေးအာမခံဝယ်ယူလိုပါက မြန်မာ့အာမခံလုပ်ငန်း Website Myanmar Insurance (mminsurance.gov.mm) တွင်လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီးသွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ ပြည်သူ့ဆိုင်ရာကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များသည် အချိန်နှင့်တပြေးညီ ပြောင်းလဲမှုရှိနိုင်ပြီး မတ်လ ၁ ရက်နေ့မှစ၍ စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း ကလေး၊လူကြီးအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပွားနေပြီး လူထူထပ်သည့်နေရာများသို့ သွားရောက်ပါက နှာခေါင်း စည်းတပ်ဆင်ရန် အသိပေးထားသည်။
စုစု
ဓာတ်ပုံ – စီဂျေ
နိုင်ငံခြားသားခရီးသည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကျန်းမာရေးကိစ္စဖြစ်ပေါ်ပါက မိမိစရိတ်ဖြင့်ကျခံရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်