နိုင်ဂျာနိုင်ငံရှိ တပ်ဖွဲ့ဝင်များနှင့် သံတမန်များကို ပြန်လည်ခေါ်ယူ ရုတ်သိမ်းသွားမည်ဟု ပြင်သစ်အစိုးရ သတင်းထုတ်ပြန်

ပဲရစ်၊ စက်တင်ဘာ ၂၆

ပြင်သစ်အစိုးရသည် လာမည့်လပိုင်းအတွင်း နိုင်ဂျာနိုင်ငံရှိ သံတမန်များ၊ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ထုတ်ဖော်ပြောဆို လိုက်သည်။

ပြင်သစ်သမ္မ တမက်ခရွန်က “ ပြင်သစ်အစိုးရဟာ နိုင်ဂျာနိုင်ငံအတွင်းရှိ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅၀၀ ကျော် ပြန်လည်ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လာမယ့်ရက်ပိုင်းမှာလည်း နိုင်ဂျာနိုင်ငံအတွင်းရှိ ပြင်သစ်သံအမတ်ကြီးနဲ့ သံတမန်တွေ မိခင်နိုင်ငံကို ပြန်လာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ဂျာအာဏာပိုင်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တွေကို အဆုံးသတ်တော့မှာပါ။ လာမယ့်လပိုင်းအတွင်းမှာ ပြင်သစ်တပ်ဖွဲ့ဝင်တွေကို နိုင်ဂျာနိုင်ငံကနေ ပြန်လည်ခေါ်ယူသွားမှာဖြစ်ပါတယ်။” ဟု ပြောသည်။

နိုင်ဂျာနိုင်ငံတွင် ပြင်သစ်အစိုးရလိုလားသော သမ္မတ မိုဟာမက် ဘာဇွန်သည် ပြီးခဲ့သောဇူလိုင်လတွင် အာဏာသိမ်းခံရကာ ရာထူးမှဖြုတ်ချခံရပြီးနောက် ရက်ပိုင်းအကြာတွင် နိုင်ဂျာစစ်အစိုးရက ပြင်သစ်နှင့်သဘောတူညီထားသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ခဲ့သလို ပြင်သစ်တပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အာဖရိကတိုက်နိုင်ငံများဖြစ်သော မာလီ၊ ဘာကီနာဖာဆိုနိုင်ငံတို့တွင် အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက်မကြာမီ စစ်အစိုးရတို့သည် ပြင်သစ်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက် မှုများကို ရပ်တန့်လိုက်ပြီးနောက် နိုင်ဂျာနိုင်ငံကလည်း ပြင်သစ်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်လိုက်ကြောင်း သိရသည်။

နိုင်ဂျာတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ECOWAS အဖွဲ့က နိုင်ဂျာစစ်အစိုးရကို စစ်ရေးနည်းလမ်းအသုံးပြုမည်ဟု ခြိမ်းခြောက်ခဲ့ရာ မာလီ၊ နိုင်ဂျာ၊ ဘာကီနာဖာဆိုနိုင်ငံ တို့သည် ပြီးခဲ့သောရက်ပိုင်းက စစ်ရေးမဟာမိတ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

thehindu.com

#ယနေ့ခေတ်

နိုင်ဂျာနိုင်ငံရှိ တပ်ဖွဲ့ဝင်များနှင့် သံတမန်များကို ပြန်လည်ခေါ်ယူ ရုတ်သိမ်းသွားမည်ဟု ပြင်သစ်အစိုးရ သတင်းထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.