နာမည်ကြီး ငွေလဲကောင်တာများအပါအဝင် ငွေလဲကောင်တာ တစ်ရာကျော်အား ဗဟိုဘဏ်လိုင်စင် ရုတ်သိမ်း

ရန်ကုန်၊ စက်တင်ဘာ ၂၀

နာမည်ကြီး ငွေလဲကောင်တာများအပါအဝင် ငွေလဲကောင်တာ တစ်ရာကျော်အား အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရဟုဆိုကာ လိုင်စင်ရုတ်သိမ်းကြောင်း ဗဟိုဘဏ်က ယမန်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် အဆိုပါ ငွေလဲကောင်တာများသည် နိုင်ငံခြားသုံးငွေ စီမံခန့် ခွဲမှု ဥပဒေ၊ စည်းမျဉ်းနှင့် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိ သောကြောင့် ဗဟိုဘဏ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ရုတ်သိမ်းခြင်းဟု သိရသည်။

လိုင်စင်ရုတ်သိမ်းခံရသည့် ငွေလဲကောင်တာများတွင် Sedona Hotel (Straits Greenfield Limited) ၊ Taw Win Family Construction Co.,Ltd ၊ Family Treasure Travels & Tours Co.,Ltd နှင့် Columbus Travel & Tours Co.,Ltd စသည့် နာမည်ကြီး ငွေလဲကောင်တာများ အပါအဝင် ငွေလဲကောင်တာ စုစုပေါင်း ၁၂၃ ခုပါဝင်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

“ အပိတ်ခံရတဲ့ ကောင်တာအများစုက ငွေလဲစျေး မတည်မငြိမ်ဖြစ်နေလို့ ပိတ်ထားတဲ့ ကောင်တာတွေနဲ့ သူတို့သတ်မှတ်စျေးအတိုင်း မဟုတ်ဘဲ ပြင်ပပေါက်စျေးနဲ့ ရောင်းချကြတဲ့ ကောင်တာအများစုပါ။” ဟု ရန်ကုန်မြို့၌ ငွေလဲကောင်တာ ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

ထို့ပြင် ယခုလိုင်စင်ရုတ်သိမ်းခံရသည့် ငွေလဲကောင်တာအများစုမှာ ရန်ကုန်မြို့ ၌ ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာများဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစ၍ နိုင်ငံခြားသုံးငွေ လဲလှယ်ရေးစျေးကွက်အတွင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တရှိန်ထိုး စျေးမြင့်တက်ခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေးအပါ အဝင် မြို့ကြီးများတွင် ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာအများစုမှာ အရောင်းအဝယ်မလုပ်ဘဲ ဆိုင်ပိတ်ထားမှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗဟိုဘဏ်မှ အမေရိကန်တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်ဖြင့်လဲလှယ်ရန် စျေးသတ်မှတ်ထားသော်လည်း ယခင်လက ပြင်ပစျေးကွက်၌ တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ရောက်ရှိခဲ့ပြီးနောက် ပြင်ပတွင် စျေးကစားသူများကို အရေးယူမည်ဟု ဗဟိုဘဏ်မှ သတိပေးကြေညာခဲ့ပြီး လိုင်စင်မရှိဘဲ ပြင်ပတွင် ဒေါ်လာရောင်းဝယ်သူများ၊ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူမှုများနှင့် လိုင်စင်ထုတ်ပေးထားသည့် ငွေလဲကောင်တာများကို လိုင်စင်ရုတ်သိမ်းခြင်းများကို ဆက်တိုက်လုပ်ဆောင်လာခဲ့ကြောင်း ငွေလဲလှယ်ရေးလုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

ယခု ပိတ်သိမ်းလိုက်သည့် ၁၂၃ ခုအပါအဝင် ယခုနှစ်အတွင်း နာမည်ကြီး ငွေလဲကောင်များတာ အပါအဝင် ငွေလဲကောင်တာ ၁၆၀ ခုထက်မနည်း၏ လိုင်စင်များအား သတ်မှတ် ထားသည့် ညွှန်ကြားချက်ကို မလိုက်နာသောကြောင့်ဟုဆိုကာ ဗဟိုဘဏ်က လိုင်စင်ရုတ်သိမ်းသည့် အရေးယူမှုများရှိကြောင်း ၎င်းတို့၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

မောင်ဇော်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

နာမည်ကြီး ငွေလဲကောင်တာများအပါအဝင် ငွေလဲကောင်တာ တစ်ရာကျော်အား ဗဟိုဘဏ်လိုင်စင် ရုတ်သိမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.