နယ်မြေမ​အေးချမ်းသည့်ဒေသများ၌ ART ဆေးဖြတ်ထားကြသည့် HIV ကူးစက်ခံရသူ များစွာရှိလာ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံအတွင်းရှိ နယ်မြေမအေးချမ်းသည့်ဒေသများ၌ HIV ကူးစက်ခံရသူများမှာ ART ဆေးရရှိရန် ခက်ခဲလာပြီး၊ အချို့မှာ ဆေးဖြတ်ထားသည့် အခြေအနေမှာရှိနေကြောင်း HIV ကူးစက်ခံရသူများ ကူညီစောင့်ရှောက်ရေးစင်တာမှ သိရသည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလမှစတင်ကာ နယ်မြေအချို့မှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများဖြစ်ပေါ်ခဲ့ရာ၊ နယ်မြို့များမှ ရန်ကုန်သို့ လာရောက် ဆေးထုတ်ယူသူ မရှိသလောက်ဖြစ်လာကြောင်း သိရသည်။

“ ချင်း၊ ကယားနဲ့ စစ်ကိုင်းတိုင်းဘက်က ART ဆေးသောက်သုံးသူတွေက သွားရ လာရတာခက်ခဲလို့ ဒေသတွင်းမှာလည်းဝယ်ယူနိုင်ရန် ခက်ခဲတာ​မို့လို့ ဆေးဖြတ်ထားကြရတယ်။ အရင်ဆို ချင်းဘက်က ဆေးလာလာထုတ်တဲ့သူတွေရှိတယ်။ အခုက ဆက်သွယ်လို့လည်းမရဘူး ကြာပြီ။ သူတို့ဆေးဖြတ်ထားလိုက်ကြပြီ ထင်တယ်။” ဟု NAC, HIV ကူညီစောင့် ရှောက်ရေးစင်တာမှ တာဝန်ရှိသူက ပြောသည်။

အချို့ HIV ကူးစက်ခံရသူများမှာ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်နေကြရပြီး၊ အချို့မှာ ရောက်ရှိနေသည့်နိုင်ငံမှ ART ဆေးကို ဝယ်ယူသောက်သုံးသူများရှိသလို၊ ဆေးဖြတ်ထားသူများရှိကြောင်း ဂေဟာမှသိရသည်။

“ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်တာတွေရှိတယ်။ နေရာဒေသဆိုးတဲ့နေရာတွေရှိတယ်။ ချင်းနဲ့ စစ်ကိုင်းတိုင်းဘက်မှာလည်းရှိတယ်။ ကြောက်တာလည်းပါတာပေါ့။ လမ်းခရီးမှာ လည်း ဟိုစစ်ဒီစစ်ဆိုတော့ ဆေးလာထုတ်ရတာဝေးတော့ မလာတော့ပဲ သူတို့မြို့ကပဲ ထုတ်ကြတော့တယ်။ တစ်ချို့ကြတော့လည်း လုံးဝမသောက်တော့တာရှိတယ်။ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး နေကြတော့တာလည်းပါတယ်။” ဟု ဂေဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ART ဆေးဖြတ်ထားခြင်းမှာ HIV ကူးစက်ခံရသူများအတွက် အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

“ ဆေးဖြတ်ရင် မသောက်တော့ရင် သေမှာပဲလေ၊ သူတို့မသောက်တော့တာက သေသွားလဲ ပြီးရောဆိုပြီး အဆုံးသတ်ချင်ကြတာလည်း ဖြစ်နိုင်တာပေါ့၊ အဆင်မပြေမှုတွေများနေ တော့ လူတွေကရှေ့မဆက်ချင်ကြတော့ဘူး ထင်ပါတယ်။” ဟု ၎င်းကဆက်လက်ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိုင်းယှဥ်လျှင် ဆေးဖြတ်ပြီးနေထိုင်နေသူဦးရေမှာ ရာခိုင်နှုန်းနည်းပါးနိုင်သော်လည်း ဆေးဖြတ်ထားသူများမှာ အခြေအနေဆိုးရွားလာနိုင်ကြောင်း သိရသည်။

ကိုဗစ်ကာလဖြစ်ချိန်၌ပင် ART ဆေးပုံမှန်သောက်သုံးများရှိခဲ့ပြီး၊ နိုင်ငံရေးအပြောင်းအလဲကြောင့် နယ်မြေမအေးချမ်းတော့သည့်အတွက် ဒေသအချို့မှ HIV ကူးစက်ခံရသူများ သည် ဆေးဖြတ်ထားကြခြင်းဖြစ်ကြောင်း ဂေဟာမှပြောပြ ချက်များအရ သိရသည်။

သတင်း၊ ဓာတ်ပုံ – #ဂျူဂျူး

ပုံစာ – ဂေဟာ၌ ပြုစုစောင့်ရှောင့်ထားသည့် ကူးစက်ခံရသူအချို့၏ ပုံရိပ်

#ယနေ့ခေတ်

နယ်မြေမ​အေးချမ်းသည့်ဒေသများ၌ ART ဆေးဖြတ်ထားကြသည့် HIV ကူးစက်ခံရသူ များစွာရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.