နယ်စပ်ဖြတ်သန်းခွင့်ကတ် ထုတ်ပေးရာ၌ ဦးစားပေးစာရင်းတွင်ပါရန် ကလေးငှားရမ်းမှု များရှိခဲ့ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၄

မူဆယ်မြို့မှ တရုတ်ပြည်သို့ ကူးသန်းသွားလာရာတွင် အသုံးပြုသည့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် TBP ပြုလုပ်ရာ၌ ဦးစားပေးစာရင်းတွင်ပါဝင်ရန် ကလေးငှားရမ်းမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တစ်ခါသုံး နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် TBP ပြုလုပ်လိုသူ များပြားသဖြင့် ကြိုတင်စာရင်းကောက်ယူရာမှာ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် များ၊ ကလေးငယ်ပါသည့် မိခင်များအား ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာ၌ ဦးစားပေးစာရင်းတွင် ပါဝင်လိုသူအချို့မှာ ကလေးငယ်များအား ငှားရမ်းခဲ့ကြကြောင်း သိရသည်။

“ ကိုယ်ဝန်ဆောင်များ ကလေးငယ်ပါသည့် မိခင်များအတွက် အထူးဦးစားပေးပြီး ကူညီဆောင်ရွက်ပေးနေပါတယ်။ နေ့လယ် ၁ နာရီခွဲလောက်မှာ သွေးသားမတော်စပ်ပဲ ကလေး တွေငှားလာပြီး လိမ်လည်ကြိုတင်စာရင်းလာပေးသွင်းသူ နှစ်ဦးတွေခဲ့ပါတယ်။ ကိုယ့်ရဲ့မတော်လောဘကြောင့် အမှန်တစ်ကယ် အခက်အခဲရှိသူတွေ နစ်နာနိုင်လို့ ဆင်ခြင်ပေးစေ ချင်ပါတယ်။” ဟု ကူညီပေးနေသည့်အဖွဲ့အစည်းမှ တာဝန်ရှိသူကပြောသည်။

ဦးစားပေးစာရင်းတွင် ပါဝင်ရန် ကလေးငှားရမ်းသည့် အခြေအနေအား ထိန်းချုပ်နိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ကာ ကလေးငယ်များ၏ မွေးစာရင်းနှင့် မိဘမှတ်ပုံတင်များ ပြသခိုင်းခြင်း၊ ကလေးငယ်များအား တံဆိပ်တုံးထုပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်၊ နေ့လည် ၁၂ နာရီခန့်က ၆ ညအိပ် ၇ ရက်နေ ထိုင်ခွင့်ရှိသည့် တစ်ခါသုံးကတ် (TBP) အား နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ်တို့၌ စတင်ပြု လုပ်ပေးခဲ့​ပြီး လာရောက်တန်းစီနေသူ ထောင်ချီကာရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ လူပေါင်းထောင်ချီကာ ညအိပ်လုပ်ဆောင်နေခြင်းကြောင့် လူစုလူဝေး ဖြစ်ပေါပြီး နေပူမိုးရွာမရှောင် စောင့်ဆိုင်းနေရခြင်းကြောင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည့် တစ်ခါသုံး နယ်စပ်ဖြတ်ကျော်ခွင့်ကတ်အား စက်တင်ဘာ ၇ ရက်မှစတင်ကာ နေ့စဥ်လုပ်ဆောင်ပေးနိုင်သည့် လူဦးရေအားချိန်ဆကာ ရက်ချိန်းပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ မူဆယ်နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် TBP ကြိုတင်စာရင်း ကောက်ယူရာ၌လည်း အသင်းသားများအနေနှင့် ကြိုတင်စာရင်းပေးသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်း များ၊ ကိုယ်ဝန်ဆောင်များ၊ ရင်ခွင်ပိုက်မိခင်များနှင့် ကျန်းမာရေးအတွက် အရေးပေါ်ကုသရန် လိုအပ်သူများအား အထူးဦးစားပေးစနစ်ဖြင့် အဆင်ပြေမြန်ဆန်စေရန်အတွက် ကမ်း လက်ကူညီပရဟိတအဖွဲ့မှ အခမဲ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ ကြိုတင်စာရင်းကောက်ယူနေသည့် ကာလတစ်လျောက် မိမိတို့အသင်းမှ မည်သည့်တစ်ဦးတစ်ယောက်စီကမှ အလှူငွေလက်ခံမည်မဟုတ်ပါ။ မိမိတို့အသင်းအမည်ဖြင့် အလှူငွေ လာရောက်အလှူခံပါက လိမ်လည်ကောက်ခံတာပဲ ဖြစ်တယ်” ဟု ကမ်းလက်ကူညီပရဟိတအသင်းမှ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

လက်ရှိတွင် အသင်းအနေဖြင့် အခမဲ့ကူညီဆောင်ရွက်ပေးလျက်ရှိ​ရာ အသင်းအယောင်ဆောင်ကာ ငွေကြေးအလှူခံခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – ကမ်းလက်ကူညီပရဟိတအသင်း

#ယနေ့ခေတ်

နယ်စပ်ဖြတ်သန်းခွင့်ကတ် ထုတ်ပေးရာ၌ ဦးစားပေးစာရင်းတွင်ပါရန် ကလေးငှားရမ်းမှု များရှိခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.