ရန်ကုန်၊ ဒီဇင်ဘာ ၃
ပြည်ပသို့ဆန်တင်ပို့နိုင်ရန် နယ်စပ်လမ်းကြောင်းမရှိသော်လည်း ပင်လယ်ရေကြောင်းမှတဆင့် လျာထားချက်ပြည့်မီအောင် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာနေပြီး အဆိုပါလမ်းကြောင်းမှတဆင့်တင်ပို့နေသည့် ကုန်သည်အချို့သည် ပင်လယ်ရေကြောင်းမှတဆင့် ပြောင်းလဲတင်ပို့လျက်ရှိကြောင်း သိရသည်။
“ နယ်စပ်ကုန်သွယ်ရေးက ကျွန်တော်တို့ဆန်စပါးကဏ္ဍအပေါ် သက်ရောက်မှုမရှိနိုင်ပါဘူး။ တရုတ်ကို ပင်လယ်ရေကြောင်းကနေတဆင့်တင်ပို့ပါတယ်။ ပင်လယ်ရေကြောင်းကနေလည်း ရည်မှန်းချက်တွေပြည့်မီအောင် လုပ်လို့ရပါတယ်။ နယ်စပ်ဆန်တင်ပို့မှုဆိုလို့ လာအိုကနေတဆင့် တင်ပို့တာရှိတယ်။ Export ရည်မှန်းချက်ကတော့ မလျော့နိုင်ပါဘူး။” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁,၃၆၂,၆၃၀ တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၆၄၇ သန်းရရှိထားသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သန်းခွဲကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – DOCA
#ယနေ့ခေတ်
နယ်စပ်ဂိတ်ပိတ်ထားခြင်းကြောင့် ပင်လယ်ရေကြောင်းမှတဆင့် လျာထားချက်ပြည့်မီအောင် ဆန်တင်ပို့မည်ဟု MRF ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်