ရန်ကုန်၊ ဒီဇင်ဘာ ၃
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်သို့ အဓိကတင်ပို့နေသည့် လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုသည် တိုက်ပွဲများကြောင့် လျော့ကျနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်၏ ရှစ်လတာနီးပါးကာလအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရာတွင် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
“ အဓိက ဆန်/ဆန်ကွဲ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို နယ်စပ်ကနေ တရုတ်ကိုတင်ပို့တာပေါ့။ ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်တော့ လမ်းကြောင်းပြောင်းပြီး တင်ပို့တဲ့ အခါမှာ ရှမ်းအရှေ့ကနေ ပို့တယ်။ ဒါပေမဲ့ ကုန်ကျစရိတ်က ပိုများတယ်။ လမ်းခရီးကလည်း ပိုဝေးတဲ့အတွက် အလေအလွင့်တွေလည်းများလာတယ်။ တချို့ကုန်သည်တွေဆို မပို့ကြတော့ဘူး။ ပို့တော့လည်း ရှုံးတယ်။” ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။
ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈ ဘီလီယံကျော် ရရှိထားပြီး၊ အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံကျော် ရရှိထားသည့်အတွက် ကန်ဒေါ်လာ ၂၈၆ ဒသမ ၈၈၉ သန်း လျော့ကျနေခြင်းဖြစ်သည်။
ထိုသို့လျော့ကျရခြင်းသည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၌ တိုက်ပွဲများကြောင့်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်ပြီး၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးရေး ထွက်ကုန်များကိုလည်း အခြားနိုင်ငံများသို့တင်ပို့ကြောင်း သိရသည်။
ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ
နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှု လျော့ကျနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်