နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရန် တရုတ်နိုင်ငံနှင့် ညှိနှိုင်းလုပ်ဆောင်မည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရန် တရုတ်နိုင်ငံနှင့် ညှိုနှိုင်းလုပ်ဆောင်မည်ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များအား နှစ်လနီးပါးကြာ ပိတ်ထားလျက်ရှိကာ ကုန်သွယ်ရေးလုပ်ငန်းအချို့ ရပ်ဆိုင်းနေစဉ် တရုတ်နိုင်ငံနှင့်ညှိနှိုင်းကာ နယ်စပ်ကုန်သွယ်ရေးဂိတ်များအား ပြန်ဖွင့်နိုင်ရန်ဆောင်ရွက်မည်ဟု ပြောကြားခြင်းဖြစ်သည်။

“ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရေးအတွက် တရုတ်၊ မြန်မာနှစ်နိုင်ငံ ဆက်လက်ညှိုနှိုင်းဆောင်ရွက်ပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ယာယီအပစ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း၊ ဆက်လက်ဆွေး နွေးသွားရန်နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းကပြောကြားသည်။

ယမန်နှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအချို့သို့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့က စတင်တိုက်ခိုက်ရာမှ ယခုရက်ပိုင်းအထိ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

တိုက်ပွဲများမှာ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းများရှိရာ မူဆယ်မြို့နှင့်အနီးတဝိုက်တွင်လည်း ဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းမှစ၍ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေခြင်းဖြစ်သည်။

ထို့ပြင် နိုဝင်ဘာ ၂၃ ရက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ ကျင် စန်းကျော့ကုန်သွယ်ရေးစခန်း ကားဝန်းထဲသို့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲကာ ကားအစီးရေရာချီ မီး လောင်ပျက်စီးခဲ့၍ ငွေကျပ်သန်းချီကာ ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် တရုတ်-မြန်မာကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ အကြီးဆုံးကုန်သွယ်ရေးစခန်းဖြစ်ကာ နှစ်စဉ် ကျပ်ဘီလီယံချီ၍ ကုန်သွယ်မှုပြုလုပ်သည့် စခန်းလည်းဖြစ်သည်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နှစ်စဉ် တရုတ်နိုင်ငံနှင့် ကုန်သွယ်နိုင်မှုပမာဏမှာ ဒေသအသီးသီးရှိ အခြားကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်နိုင်မှု ပမာဏထက် ပိုမိုများကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ထိုသို့ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အား တိုက်ပွဲများကြောင့် ပိတ်ထားရ၍ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များမှာ အခက်အခဲများ ကြုံ တွေ့နေရပြီး အချိန်နှင့်ငွေကြေးဆုံးရှုံးမှုများ ရှိနေကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ – နိုဝင်ဘာ ၂၃ ရက်နေ့က မူဆယ်ကျင်စန်းကျော့ ကားဝန်းအတွင်း ဒရုန်းဗုံးထိမှန်၍ ကုန်တင်ကားများ မီးလောင်နေစဉ်။

#ယနေ့ခေတ်

နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရန် တရုတ်နိုင်ငံနှင့် ညှိနှိုင်းလုပ်ဆောင်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.