ရန်ကုန်၊ ဇွန် ၂၈
ရခိုင်ပြည်နယ်(မြောက်ပိုင်း)ဒေသတွင် လူထုကျန်းမာရေးအတွက် စောင့်ရှောက်ပေးလျက်ရှိသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ဇွန် ၂၇ ရက်မှစတင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အရပ်သားပြည်သူများကို လူသားချင်းစာနာထောက်ထားခြင်း ဝန်ဆောင်မှုများပေးရန် ကန့်သတ်ချက်များစွာရှိလာခြင်းကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ ခေတ်ကာလအခြေအနေကြောင့်လည်းပါနိုင်သလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲလာတယ်။ အထူးသဖြင့် လူထုကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့တွေအတွက်လည်း အ ခက်အခဲအများကြီးဖြစ်နေပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြားမှာ ပြည်သူ့ကျန်းမာရေးကို ဦးစားပေးကုသပေးနေတဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ရပ်ဆိုင်းလိုက်တာ ဒေသတွင်း ကလေးသူငယ်များနဲ့ သက်ကြီးဘိုးဘွားတွေအပါအဝင် ကျန်းမာရေးချို့ယွင်းသူတွေရဲ့ ကျန်းမာရေးကုသမှု ပိုခက်ခဲသွားပါပြီ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)သည် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် ရွေ့လျားဆေးခန်း ၁၄ ခုဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းများကို လက် လှမ်းမမီသည့် လူနည်းစုအဖွဲ့များအပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများပေးခဲ့ကြောင်း သိရသည်။
လက်ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် လူထုအတွက် လိုအပ်ချက်များပြားနေချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခြင်း အခွင့်အလမ်းများ အလုံးစုံပြတ်တောက်သွားရကြောင်း သိရသည်။
နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)သည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးတွဲပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – MSF
နယ်စည်းမထားဆရာဝန်များအဖွဲ့က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်