နမ္မမတူမြို့တွင် ကလေးနှစ်ဦး မိုင်းနင်းမိ၍ ပေါက်ကွဲပြီး တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့တွင် ညီအကိုနှစ်ဦး ဆိတ်ကျောင်းရာမှ မိုင်းနင်းမိ၍ပေါက်ကွဲပြီး တစ်ဦးမှာနေရာတွင် သေဆုံးခဲ့ပြီး၊ ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က နမ္မတူမြို့၊ သတတ (၄) ရပ်ကွက်တွင် ညီအကိုနှစ်ဦး ဆိတ်ကျောင်းရာမှ မိုင်းနင်းမိ၍ ပေါက်ကွဲခဲ့ပြီး၊ အသက် ၁၄ နှစ်အရွယ်ရှိ အကိုဖြစ်သူ ‌နေရာတွင်သေးဆုံးခဲပြီး၊ အသက် ၁၀ နှစ်အရွယ်ရှိ ညီဖြစ်သူပြင်ထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ မနေ့က နေ့လည် ၁၂ နာရီလောက်ကတော့ ဖြစ်မယ်ထင်တယ်။ ကလေးတွေက ဆိတ်ကျောင်းရင်းနဲ့ မိုင်းနင်းမိတာပါ။ ကလေ‌‌တွေအဖေက ပင်စင်စား၊ လေဖြတ်နေတာ။ အမေကလည်း ကျန်းမာရေးမကောင်းဘူး။ ကလေးတွေကလည်း ကျန်မားရေးချူခြာတယ်လို့ သိရတယ်။ ညီအကိုနှစ်ယောက် တစ်ယောက်ကတော့ ၁၄ နှစ်။ တစ်ယောက်က ၁၀ နှစ်။ မနေ့က အကြီးကောင်းလေးကိုတော့ ချက်ချင်းသဂြိုပေးလိုက်ပါတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အသက် ၁၄ နှစ်အရွယ်ရှိ အကိုဖြစ်သူကို မေတ္တာရှင် လူမှုကူညီရေးအသင်းမှ မီးသဂြိုပေးခဲ့ပြီး၊ အသက် ၁၃ နှစ်အရွယ်ရှိ ညီဖြစ်သူကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့‌ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ ၄ နာရီခန့်ကလည်း ကျောက်မဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာနှင့် ပန်းမလွတ်ကျေးရွာအကြားရှိ ကြံခင်းတစ်ခုအတွင်း ကြံလုပ်သားများအလုပ်လုပ်နေစဉ် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ထိမိရာမှ ပေါက်ကွဲခဲ့၍ တစ်ဦးသေဆုံးကာ၊ သုံးဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ယခုလအထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများထိမှန်၍ ဒေသခံ ၅၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- ချစ်မွှေး (နမ္မတူ)

ယနေ့ခေတ်

နမ္မမတူမြို့တွင် ကလေးနှစ်ဦး မိုင်းနင်းမိ၍ ပေါက်ကွဲပြီး တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.