ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၌ ယမန်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရ၍ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက နမ္မတူမြို့နယ်၊ မန်လီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခံရပြီး အဆိုပါကျေးရွာတွင် တာဝန်ထမ်းဆောင်နေသော တအောင်းအမျိုးသားပညာရေးကော်မတီ TNEC မှ ကျောင်းဆရာမတစ်ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
“ လေကြောင်းတိုက်ခိုက်ခံရတဲ့အချိန် ဆရာမက ဘုန်းကြီးကျောင်းနားမှာ ရှိနေတာ။ ဗုံးစထိမှန်တာသိသိချင်း ရွာသားတွေက အနီးကမန်စံဆေးရုံမှာ ဆေးကုသနိုင်ဖို့ ပို့ပေးသေးတယ်။ ဒဏ်ရာကပြင်းတော့ လမ်းတစ်ဝက်မှာပဲ သေဆုံးသွားတာ” ဟု ဒေသတွင်း စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောသည်။
ဗုံးစထိမှန်၍ သေဆုံးခဲ့သူ ဆရာမမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ လွေးမေဖြိုးအိ ဆိုသူဖြစ်ကြောင်း သိရသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်ခံရ၍ မန်လီကျေးရွာဘုန်းကြီးကျောင်းတွင် ကျောင်းဝန်း၊ ယောဂီဆောင်၊ မီးဖိုချောင်နှင့် အိပ်ဆောင်တို့ ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းရှိသံဃာများ လည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
နမ္မတူမြို့နယ်၊ မန်လီကျေးရွာအား လေကြောင်းတိုက်ခိုက််မှုနှင့် ပတ်သတ်၍ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားရာတွင် အဆိုပါကျေးရွာရှိ TNLA လက်နက်ကိုင်အဖွဲ့များ ခိုအောင်းရာနေရာအား လေကြောင်းဖြင့်တိုက်ခိုက်ကာ ရှင်းလင်းခြင်းဟု ဆိုသည်။
အလားတူ ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းတွင် နမ္မတူမြို့၊ ရပ်ကွက် (၃) သို့ လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသားနှစ်ဦး ထိခိုက်သေဆုံးခဲ့သည်။
နမ္မတူမြို့၌ နစကတပ်များနှင့် TNLA လက်နက်ကိုင်အဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိကာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ဒေသခံ ငါးဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ယခုရက်ပိုင်းအထိ ဒေသခံတစ်ရာကျော် သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်း များအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
နမ္မတူ၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကျောင်းဆရာမတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်